Main menu

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         ပြည်ခရိုင်တွင် မိုးဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲသီးနှံများမှာ ယခုနှစ် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ထွက်ပေါ်လာပြီဖြစ်၍ စက်တင်ဘာလတွင် သီးနှံများလှိုင်လှိုင်ပေါ်ထွက်လာ၍ အရောင်းအဝယ်လည်းဖြစ်လျက်ရှိပါသည်။

မိုးနှမ်းသီးနှံ

         နှမ်းသီးနှံဖြစ်သော မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ (၂၇၈၈၄)ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ (၁၄.၅၀)တင်းထွက်ရှိကြောင်းသိရပါသည်။ မိုးနှမ်းတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ကျော်ကုန်ကျကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်  (၁၇၃၀၀၀)ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဩဂုတ်လ လကုန်ပတ်နှင့်နှိုင်းယှဉ်လျှင် နှမ်းနီတစ်တင်းလျှင် (၁၀၀၀၀)ကျပ်ဈေးကျခဲ့ပြီး၊ နှမ်းနက်မှာ တစ်တင်းလျှင် (၂၃၀၀၀)ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၃၀၀၀၀)ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ ဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ မိုးနှမ်းများကို ပြည်ဒေသရှိ ကျေးရွာများမှထွက်ရှိသော နှမ်းများအပြင် နယ်မြို့များဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ကံမဘက်မှ နှမ်းအိတ်များ နေ့စဉ် တစ်နေ့လျှင် အိတ်၅၀၀ကျော်ဝင်ရောက်မှုရှိပါသည်။ ထိုသို့ဝင်ရောက်လာသော မိုးနှမ်းများကို မန္တလေးတိုင်းနှင့် မကွေးတိုင်း၊ အောင်လံမြို့တို့မှဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ်(၉၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာ ဒေသတွင်းသာအရောင်းအဝယ်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းလာပြီး နှမ်းနက်နှင့် စမုံနက်နှမ်းကို အခြားတိုင်းများက ဝယ်ယူမှုရှိ၍ ဈေးမြင့်တက်လာကြောင်းသိရပါသည်။

မိုးမြေပဲ

       မိုးမြေပဲကို ဇွန်လတွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးမြေပဲစိုက်ဧကမှာ (၄၀၇၅၂)ဧကစိုက်ပျိုး၍ (၄၆၅၆)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ (၅၆.၄၄)တင်းထွက်ရှိကြောင်းသိရပါသည်။ မိုးမြေပဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၇၆၀၀၀၀)ကျပ်ကျော်ကုန်ကျကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ ဆီဆန်(အနီ)တစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၈၄၀၀)ကျပ်၊ လုံးဆန်  (အနီ)တစ်ပိဿာလျှင်(၈၁၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ပြည်ဒေသရှိကျေးရွာများ၊ ပေါက်ခေါင်း၊ ရွှေတောင်တို့မှ တစ်နေ့လျှင် (၂၅)ပိဿာဝင်အိတ် ၁၀၀၀ကျော်ဝင်ရောက်မှုရှိပါသည်။ ထိုသို့ဝင်ရောက်လာသော မိုးမြေပဲများကို မန္တလေးတိုင်းနှင့် အောင်လံမြို့တို့မှဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ်(၁၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးမြေပဲဆန်များကို ဒေသတွင်းဆီစက်လုပ်ငန်းရှင်များက အဝယ်ရှိသကဲ့သို့ ပဲလှော်ဖိုသမားများလည်းဝယ်ယူမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)