Main menu

ပြည်မြို့၏သခွားသီးဈေးကွက်

Powered by Drupal

         ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ ပဲ၊ ပြောင်းတို့ကို အဓိကထားစိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်းစိုက်ပျိုးကြပါသည်။ သခွားသီးကို မိုးသခွားသီးနှင့် ‌ဆောင်းသခွားသီးဟူ၍ အမျိုးအစား(၂)မျိုးခွဲခြား၍ ရာသီအလိုက် စိုက်ပျိုးကြပါသည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေများတွင် စိုက်ပျိုးခြင်းသည် ပိုမိုဖြစ်ထွန်းစေပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုးကြပြီး ဆောင်းသခွားသီးကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် သခွားသီးအလုံးရေ (၂)ထောင်ကျော်ထွက်ရှိသည်ဟုသိရှိရပါသည်။

         ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် သခွားသီးများကို အချိန်မရွေးရောင်းချနေသော်လည်း ယခုအချိန်ဖြစ်သော မိုးတွင်းကာလ၌ မိုးသခွားများပေါ်ချိန်ဖြစ်သော်လည်း စိုက်ခင်းများတွင် ရေများဝင်ရောက်မှုရှိသဖြင့် ထွက်ရှိမှုနည်း၍ သခွားသီးဈေးများအနည်းငယ်မြင့်တက်လာပါသည်။ သခွားသီးဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အသေးတစ်လုံးလျှင် (၅၀-၁၀၀)ကျပ်နှင့် သုပ်၍စားရသော အရွယ်တစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် သခွားသီးအသေးတစ်လုံးလျှင်(၂၀၀-၂၅၀)ကျပ်ရှိပြီး သုပ်၍စားရသော အရွယ်တစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)