ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် စားသုံးရန်လိုအပ်ချက်တို့အပေါ် ဖြည့် ဆည်းရန်အတွက် ပြည်ပမှဆန်များကို တင်သွင်းလျက်ရှိရာ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၉၉၆ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်သွင်းခဲ့မှုနှင့် နှိုင်း ယှဉ်ပါက ၅၇.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။
အဆိုပါတန်ဖိုးသည် ဗီယက်နမ်၏ ဆန်စပါးကဏ္ဍတွင် စံချိန်တင်မြင့်တက်မှုတစ်ရပ်ဖြစ်ပြီး ယခင် ၁ နှစ်လုံး၌ တင်သွင်းခဲ့သည့်တန်ဖိုး ဒေါ်လာသန်း ၈၆၀ ကို ကျော်လွန်ခဲ့သည်။ ဗီယက်နမ် အထွေထွေအကောက်ခွန်ဌာန၏ စာရင်းများအရ ယခုနှစ် စက်တင်ဘာလ၌ ဆန်တင်သွင်းမှုတန်ဖိုး မှာ ဒေါ်လာ ၁၁၇ သန်းရှိပြီး ယခင်နှစ် ကာလတူထက် ၁၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိ ရသည်။
ရှေ့လာမည့် ၂ လတာ၌ လက်ရှိနှုန်းထားအတိုင်း ဆက်လက်တင်သွင်းပါက ကမ္ဘာ့ တတိယ အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သော ဗီယက်နမ်၏ ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းမှု တန်ဖိုးသည် ဒေါ်လာ ၁.၃ ဘီလီယံခန့်အထိ ရောက်ရှိလာနိုင်ခြေရှိသည်။
ဆန်တင်သွင်းမှု များပြားလာသည့် အခြေအနေနှင့် စပ်လျဉ်း၍ ကောက်ပဲသီးနှံထုတ်လုပ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး Nguyễn Như Cường က ရှင်းလင်းပြောဆိုရာ၌ ချက်ပြုတ်စားသုံး သည့် ဆန်၊ ကိတ်မုန့်၊ ခေါက်ဆွဲခြောက်များနှင့် Phở ခေါ် ဗီယက်နမ်ရိုးရာ ဆန်ခေါက်ဆွဲလုပ်ငန်းများအတွက် ကုန်ကြမ်းအဖြစ် သုံးစွဲသည့်ဆန်များ အပါအဝင် ဆန်ထုတ်ကုန်များကို ကဏ္ဍခွဲ အမျိုးမျိုး သတ်မှတ်ထားကြောင်း၊ သို့ဖြစ်ရာ ဗီယက်နမ်အနေဖြင့် ဆန်ကို ပြည်ပသို့တင်ပို့မှုအပြင် မကြာသေးမီနှစ်များ၌ စားသောက်ကုန် ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးအစာနှင့် ဘေးထွက်ပစ္စည်း ထုတ်လုပ်မှုများတွင် ကုန်ကြမ်းပြတ်လပ်မှု မဖြစ်စေရေးအတွက် အိန္ဒိယကဲ့သို့သော အဓိကဆန်တင်ပို့သည့်နိုင်ငံများထံမှ ပြန်လည်တင်သွင်းခဲ့ရကြောင်း သိရှိရသည်။
စပါးစိုက်ပျိုးမှုပုံစံ ပြောင်းလဲလာခြင်းသည် ပြည်ပမှ ဆန်တင်သွင်းမှု မြင့်တက်လာစေရန် တွန်းအားပေးသည့် အချက်ဖြစ်ကြောင်း၊ လယ်သမားများသည် ပြည်ပသို့တင်ပို့ရန်အတွက် အရည် အသွေး မြင့်မားသည့် ဆန်မွှေးများ စိုက်ပျိုးထုတ်လုပ်မှုကို အလေးပေးလုပ်ကိုင်လာကြကြောင်း၊ သို့သော် ပြည်တွင်း၌ ဆန်ခေါက်ဆွဲထုတ်လုပ်ရာတွင် စရိတ်စကသက်သာသည့် ဆန်ကြမ်းများကိုသာ လိုအပ်ချက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
အကျိုးရလဒ်အားဖြင့် စီးပွားရေးလုပ်ငန်းများသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ဈေးနှုန်းသက်သာသောဆန်များ တင်သွင်းမှုကို ရွေးချယ်လုပ်ကိုင် လာကြခြင်းဖြစ် သည်။ ထို့အပြင် အချို့သော ပို့ကုန်လုပ်ငန်းရှင်များကလည်း နှစ်ကုန်ပိုင်းကာလအတွင်း အမှာစာများကို အပြည့်အဝ ဖြည့်ဆည်းပေးသွင်းနိုင်ရေးအတွက် ကမ္ဘောဒီးယားအပါအဝင် အိမ်နီးချင်းနိုင်ငံ များထံမှ ဆန်များကို ဝယ်ယူတင်သွင်းခဲ့ကြသည်။
ဗီယက်နမ်စားသောက်ကုန်အသင်းမှ ကျွမ်းကျင်သူများက ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်း၏ ဆန်စပါးကဏ္ဍအား အရည်အသွေးမြင့် မျိုးကွဲများထုတ်လုပ်ရေးကို ဦးတည်သည့် အခြေခံစနစ်သို့ ပြောင်းလဲဖော်ဆောင်နေချိန်တွင် ပြည်တွင်း၌ အဆင့်နိမ့်ဆန်များ ဝယ်လိုအားမှာ မြင့်မားလာခဲ့ပြီး ကျိုးကြောင်းဆီလျော်သည့် ဆောင်ရွက်ချက်အဖြစ် ဆန်အရင်းအမြစ်အသစ်များ ရှာဖွေခြင်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။
အတိတ်ကာလ၌ အမြောက်အမြားစိုက်ပျိုးထုတ်လုပ်ခဲ့သည့် ဗီယက်နမ်၏ IR50404 စပါး အမျိုးအစားနှင့် အလားသဏ္ဌာန်တူညီသော ဆန်စပါးမျိုးကို အိန္ဒိယနိုင်ငံတွင် ကျယ်ပြန့်စွာ စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ အထွက်နှုန်းကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာမှုရှိသည်။ တန်ဖိုးမြင့်ဆန်ကို ရောင်းချပြီး တန်ဖိုးနိမ့်သည့်ဆန်များအား ကုန်ထုတ်လုပ်ငန်းများ၌ အသုံးပြုခြင်းကို စီးပွားရေး တွက်ခြေကိုက်သည့် နည်းလမ်းအဖြစ် စဉ်းစားဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
လက်ရှိကာလတွင် ဗီယက်နမ်နိုင်ငံသည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့်ဆန်ထက် ဈေးနှုန်း ပိုမိုနိမ့်ကျမှုရှိသော ဆန်များကို မြန်မာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားတို့ထံမှလည်း ရယူ တင်သွင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ပြည်ပသို့ ဗီယက်နမ်ဆန်တင်ပို့ရာတွင် ပျမ်းမျှဈေးနှုန်းသည် ၁ တန်လျှင် ၆၂၄ ဒေါ်လာခန့်ရှိပြီး ယခင်နှစ်ကာလတူ ပျမ်းမျှဈေးနှုန်းထက် ၁၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ချိန်၌ ပြည်ပမှ တင်သွင်းသည့်ဆန်များ၏ ဈေးနှုန်းများမှာ ၁ တန်လျှင် ဒေါ်လာ ၄၈၀ မှ ၅၀၀ အတွင်းသာ ရှိခဲ့သည်။
ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဆန်တင်သွင်းခြင်းသည် ကုန်သွယ်ရေး လုပ်ကိုင် ဆောင်ရွက်မှုများ၏ သဘာဝကျသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ တင်သွင်းလာသည့်ဆန် များသည် အဆင့်နိမ့်ဆန်များသုံးစွဲရသည့် လုပ်ငန်းကဏ္ဍ၌ လိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်သည့်အပြင် ထုတ်လုပ်မှုစရိတ်ကိုလည်း လျော့ကျစေသဖြင့် ကုမ္ပဏီများအတွက် အကျိုးအမြတ်ရရှိမှုကို သေချာခိုင်မာစေကြောင်း၊ ထိုကဲ့သို့ ဆန်တင်သွင်းမှုသည် ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိပဲ ဈေးနှုန်းတည်ငြိမ်မှုနှင့် ဗီယက်နမ်၏ ဆန်စပါးလုပ်ငန်းလည်ပတ်မှုတို့ကို အထောက်အကူပြုလျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
သို့ရာတွင် ဗီယက်နမ်ဆန်နှင့် အိန္ဒိယဆန်တို့ကို ခွဲခြားသိရှိနိုင်ရန်မှာ ခက်ခဲမှုရှိသည်ဟု ဆန်တင်သွင်းသည့် ကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ အိန္ဒိယဆန် အမြောက်အမြားကို ဗီယက်နမ်က တင်သွင်းနေခြင်းသည် နိုင်ငံခြားဝယ်လက်များအနေဖြင့် တန်ဖိုး အရ အဆိုပြုချက်အပေါ် မေးခွန်းထုတ်ဖွယ်ရာရှိပြီး ဗီယက်နမ်ဆန်အစား ဈေးနှုန်းသက်သာသည့် အိန္ဒိယဆန်များကို ရွေးချယ်ရန် စဉ်းစားမှုသို့ ဦးတည်စေလျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်တင်သွင်းမှုအပေါ် အနီးကပ် စောင့်ကြည့်ကြပ်မတ်မည့် ဥပဒေပိုင်းဆိုင်ရာနည်းလမ်းရပ်များကို ချမှတ်လျက် အထူးသဖြင့် ပင်ရင်းဒေသနှင့် ဆန်ရယူသည့် အရင်းအမြစ်တို့ကို စိစစ်ဆောင်ရွက်သင့်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြထားသည်။
Source: Vietnam News, 5 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)