Main menu

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု မြှင့်တင်ရန် ရူပီး ၁၀၁ ဘီလီယံ အိန္ဒိယအစိုးရ သုံးစွဲမည်

Powered by Drupal

    အိန္ဒိယအစိုးရအနေဖြင့် စားသုံးဆီတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် လာမည့် ၇ နှစ်အတွင်း ရူပီး ၁၀၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ) ကို ကျခံသုံးစွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှား သတင်းဌာနတစ်ခုဖြစ်သည့် Bernama က အောက်တိုဘာ လ ၄ ရက်နေ့တွင် ဖော်ပြပါသည်။

      ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးထွက်ရှိမှု တန်ချိန် ၃၉ သန်း ရှိရာ မှ ၂၀၃၀-၃၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆၉.၇ သန်းအထိ တိုးတက်ထုတ်လုပ်နိုင်စေရန် အမျိုးသား အဆင့် စားသုံးဆီ - ဆီထွက်သီးနှံ (National Mission on Edible Oils – Oilseeds) အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အဆိုပါ ရူပီးငွေ ၁၀၁ ဘီလီယံ သုံးစွဲမည့် အဆိုပြုချက်ကို အိန္ဒိယ အစိုးရက အောက်တိုဘာ ၃ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

     ကမ္ဘာပေါ်တွင် ဟင်းသီးဟင်းရွက်ဆီအများဆုံး တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် ၎င်း၏ စားအုန်းဆီအများစုကို အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ အဓိကဝယ်ယူတင်သွင်းလျက်ရှိပြီး ပဲပုပ်ဆီ နှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ အဓိကဝယ်ယူ တင်သွင်းလျက်ရှိသည်။

    စုစုပေါင်း ပြည်တွင်းစားသုံးဆီလိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိကို ပြည်တွင်းထုတ်လုပ်မှုမှ ဖြည့်ဆည်းပေးမှုနှင့်အတူ အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း စားသုံးဆီတန်ချိန် ၁၆.၅ သန်းကို တင်သွင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သုံးစွဲခဲ့သော စုစုပေါင်း စားသုံးဆီ တန်ချိန် ၂၇.၂ သန်းအနက် စားအုန်းဆီသည် ၃၆ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရှိရ ပါသည်။

     အိန္ဒိယသည် ပြည်တွင်းဆီအုန်းစိုက်ပျိုးမှုကို တိုးချဲ့ရန်အတွက် အမျိုးသားအဆင့် စားသုံးဆီ - ဆီအုန်း (National Mission on Edible Oils - Oil Palm) အစီအစဉ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့သည်။ စားအုန်းဆီလုပ်ငန်းအစီအစဉ်နှင့်အတူ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု ကို ၂၀၃၀-၃၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၅.၄၅ သန်းအထိ မြှင့်တင်လျက် ၎င်းကာလ၌ တစ်နိုင်ငံလုံး စားသုံးရန် မျှော်မှန်းလိုအပ်ချက်၏ ၇၂ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

    အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ သီးနှံမျိုးစုံဖြန့်ကျက်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှု တို့ကို မြှင့်တင်ခြင်းနှင့်အတူ ဆန်နှင့်အာလူးတို့ စိုက်ပျိုးမှုမပြုသော လှပ်မြေများ၌ ဆီထွက်သီးနှံ များကို ဧရိယာဟက်တာ ၄ သန်းအထိ တိုးချဲ့စိုက်ပျိုးရန် ကြိုးပမ်းနေကြောင်း၊ ဒေသခံ ဆီထွက် သီးနှံစိုက်ပျိုးသည့် တောင်သူများအား ကူညီပေးသည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် ယခင်လ၌ အစိုးရသည် စားအုန်းဆီနှင့် အခြားစားသုံးဆီများ တင်သွင်းမှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

Source: Bernama, 04-10-2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)