Main menu

ဆန်နှင့်ပဲကို ကုန်ဖလှယ်စနစ်ဖြင့် ကုန်သွယ်ရန် ပါကစ္စတန်နှင့် ရုရှား သဘောတူ

Powered by Drupal

    ရုရှားကုမ္ပဏီတစ်ခုသည် ကုလားပဲနှင့်ပဲနီကလေးများကို တင်ပို့၍ ငွေသားရှားပါးနေသော ပါကစ္စတန်မှ လိမ္မော်သီးနှင့် ဆန်များအား Barter ကုန်ဖလှယ်စနစ်ဖြင့် လဲလှယ်ကုန်သွယ်သွား မည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု အခက်အခဲများကြားတွင် ယခုအစီအစဉ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းအေဂျင်စီက ဖော်ပြထားသည်။

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ပါကစ္စတန်-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အဆိုပါသဘောတူညီမှု ရရှိခဲ့ကြောင်း၊ သဘောတူညီချက်အရ ရုရှားမှ Astarta-Agrotrading ကုမ္ပဏီသည် ပါကစ္စတန်သို့ ကုလားပဲတန်ချိန် ၂၀၀၀၀ ပေးပို့သွားမည်ဖြစ်ကြောင်း၊ အပြန်အလှန်အားဖြင့် ပါကစ္စတန်မှ Meskay & Femtee Trading ကုမ္ပဏီသည် ဆန်တန်ချိန် ၂၀၀၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရသည်။

    ထို့အပြင် ရုရှားနိုင်ငံသည် ပါကစ္စတန်နိုင်ငံသို့ ကုလားပဲတန်ချိန် ၁၅၀၀၀ နှင့် ပဲနီလေး တန်ချိန် ၁၀၀၀၀ တင်ပို့ရန် စီစဉ်လျက်ရှိ‌ကြောင်း၊ အပြန်အလှန်အားဖြင့် ပါကစ္စတန်မှ လိမ္မော်သီး တန် ချိန် ၁၅၀၀၀ နှင့် အာလူးတန်ချိန် ၁၀၀၀၀ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

     ရုရှားသည် သွင်းကုန်များအတွက် ပေးချေရန်နှင့် ပို့ကုန်များအတွက် ငွေလက်ခံရန် အခြား နည်းလမ်းများကို ရှာဖွေရန် ကြိုးပမ်းနေချိန်တွင် အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့ထားသော နိုင်ငံများရှိ ဘဏ်များနှင့် ကုန်သွယ်မှုပြုလုပ်သည့် နိုင်ငံများတွင် အမေရိကန်၏ ဖိအားများတိုးမြင့်လာကြောင်း၊ ရုရှားအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်ဖလှယ်စနစ်ကို အသုံးပြု၍ ကုန်သွယ်မှုအစီအစဉ် များကို စတင်နိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက သြဂုတ်လတွင် ဖော်ပြခဲ့သည်။

     ပါကစ္စတန်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Nasir Hamid က ကုန်လဲလှယ်မှုစနစ်တစ်ခုသို့ ပြောင်းလဲရန် ဆုံးဖြတ်ရခြင်းမှာ ပါဝင်ပတ်သက်နေသည့် နိုင်ငံများ အနေဖြင့် အပြန်အလှန်ငွေပေးချေမှုတွင် အခက်အခဲအချို့ ကြုံတွေ့နေရခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစီရင်ခံစာများအရ သိရှိရသည်။

    ယူကရိန်းနိုင်ငံသို့ ရုရှား၏ကျူးကျော်ဝင်ရောက်မှုကို တန်ပြန်သည့်အနေဖြင့် ရုရှားအပေါ် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများကြောင့် ငွေကြေးလွှဲပြောင်းမှုများ တိုးမြှင့်စစ်ဆေးခံနေရ ကြောင်း၊ ထိုကဲ့သို့ အခြေအနေများတွင် ကုန်ဖလှယ်မှုအစီအစဉ်များကြောင့် ကုမ္ပဏီများအား ဘဏ်ငွေပေးချေမှုများတွင် ပါဝင်မည့်အစား ကုန်ပစ္စည်းများ တိုက်ရိုက်လဲလှယ်ခြင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်သည့် နည်းလမ်းများကို ဖော်ဆောင်ပေးကြောင်း၊ အဆိုပါ သဘောတူညီ ချက်များသည် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ အလျှော့ပေးနိုင်ရေးအတွက် တာဝန်ပေးအပ် ထားသော စောင့်ကြည့်အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် ကူညီပေးကြောင်း သိရှိရ သည်။

     ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲမီကာလ၌ ကုန်စည်လဲလှယ်ရေး သဘောတူညီချက်များ သည် ပေကျင်းနှင့်မော်စကို အကြားတွင် ပြုလုပ်လေ့ရှိသော အလေ့အထများဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များအထိ ဆက်လက်ဆောင်ရွက်မှုများရှိနေခဲ့ကြသည်။

     ရှုပ်ထွေးသော စိန်ခေါ်မှုများကြောင့် ပါကစ္စတန်သည် မကြုံစဖူးသော ဘဏ္ဍာရေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရကြောင်းကို ထင်ရှားသော ပါကစ္စတန်-အမေရိကန် စီးပွားရေးပညာရှင် တစ်ဦးက သတိပေးခဲ့ကြောင်း PTI သတင်းဌာနက ဖော်ပြထားသည်။ ပြည်တွင်းနှင့် ပြည်ပ ကြွေးမြီများ တစ်ဟုန်ထိုးတက်လာခြင်း၊ ပင်စင်လစာပေးရန်တာဝန်များ ရေရှည်ခိုင်မာတည်တံ့မှု မရှိခြင်း၊ နှင့် စွမ်းအင်ကဏ္ဍ၌ အားနည်းခြင်းတို့သည် ပါကစ္စတန်ကို စီးပွားရေးချောက်ထဲကျသွားစေမည့် အရေးပါသော အချက်များဖြစ်သည်ဟု Princeton ဘောဂဗေဒ ပညာရှင် Atif Mian မှ ထောက်ပြထားကြောင်း Dawn သတင်းစာက ဖော်ပြထားသည်။

Source: Economic Times, 4 October, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)