ရေနံကုန်သွယ်ရောင်းဝယ်သူများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခဖြစ်ပေါ်မှု၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေကို စောင့်ကြည့်လျက်ရှိမှုနှင့်အတူ ရေနံစိမ်းဈေးကွက် မတည်ငြိမ်မှု ဖြစ်နေစဉ်မှာပင် အာရှဒေသရှိ ဝယ်ယူသူများထံသို့ အဓိကရောင်းချသည့် ရေနံဈေးနှုန်းများကို ဆော်ဒီအာရေဗျနိုင်ငံက တိုးမြှင့်လိုက်ကြောင်း သိရှိရပါသည်။
Bloomberg မှ ထုတ်ပြန်ထားသည့်သတင်းတွင် ဆော်ဒီအာရေဗျရှိ ရေနံထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Saudi Aramco အနေဖြင့် အာရှဒေသရှိ ဝယ်လက်များသို့ အဓိကရောင်းချသော Arab Light အဆင့်ရှိ ရေနံစိမ်းတစ်စည်လျှင် ပရီမီယံကြေးကို ဆင့် ၉၀ တိုးမြှင့်ပြီး အမေရိကန် ဒေါ်လာ ၂.၂၀ နှုန်း သတ်မှတ်ခဲ့ကြောင်း၊ ရေနံကုန်သည်များနှင့် ရေနံသန့်စင်သည့်ကုမ္ပဏီများကမူ ကုမ္ပဏီအနေဖြင့် ရေနံတစ်စည်လျှင် ပရီမီယံကြေးကို ၆၅ ဆင့်အထိ ဈေးနှုန်းမြင့်တင်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြကြောင်း၊ တစ်ချိန်တည်းမှာပင် Aramco ကုမ္ပဏီသည် အမေရိကန်နှင့် ဥရောပသို့ တင်ပို့သည့် ရေနံအဆင့်အတန်း အမျိုးမျိုးတို့၏ ဈေးနှုန်းကို လျော့ချခဲ့ကြောင်း သိရှိရပါသည်။
အစ္စရေးနိုင်ငံက လက်ဘနွန်ဒေသသို့ ကျူးကျော်ဝင်ရောက်လျက် ဟစ်ဇဘိုလာအဖွဲ့၏ ခေါင်းဆောင်ပိုင်းကို သုတ်သင်ရှင်းလင်း တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်မှုအဖြစ် အောက်တိုဘာ လဆန်း ပိုင်းတွင် အီရန်မှ အစ္စရေးသို့ မစ်ဆိုင်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ချိန်မှ စတင်၍ ရေနံဈေးနှုန်းများမှာ မြင့်တက်လာခဲ့သည်။ အစ္စရေး၏ ပြန်လည်လက်တုံ့ပြန်မည့် အလားအလာနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ အကြားမှာပင် Brent ရေနံစိမ်း၏ စံပြုဈေးနှုန်းသည် အောက်တိုဘာလ ပထမသီတင်းပတ်၌ ၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ရေနံတစ်စည်လျှင် ၇၈ အမေရိကန်ဒေါ်လာနှုန်းခန့်ဖြင့် ကုန်သွယ်လျက်ရှိသည်။
ပဋိပက္ခဖြစ်ပွားမှုများသည် ဈေးကွက်ထောက်ပံ့မှုကို အဟန့်အတားမပြုခြင်းနှင့် ရေနံရောင်းချသူများအနေဖြင့် ဝယ်လိုအားလျော့နည်းမှု အပေါ်တွင်သာ အာရုံစိုက်နေခဲ့ခြင်းတို့ကြောင့် ယနေ့အချိန်ထိတိုင်အောင် ဒေသတွင်းပြဿနာအများစုကို ဈေးကွက်များက အလေးမထားပဲရှိနေခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ရေနံသုံးစွဲမှု တဖြည်းဖြည်း ကျဆင်းလာခြင်းက ဈေးကွက်အတွင်း ရေနံစိမ်းပိုလျှံမှု ဖြစ်ပေါ်လာစေမည်ကို စိုးရိမ်မှုများရှိနေပြီး ဆော်ဒီအာရေဗျနှင့် ရုရှားတို့ ဦးဆောင်သော အိုပက်နှင့်မဟာမိတ်အဖွဲ့သည် ရေနံထုတ်လုပ်မှု တိုးမြှင့်မည် အစီအစဉ်ကို ဒီဇင်ဘာလဆန်းအထိ ၂ လကြာ ရပ်ဆိုင်းထားခဲ့သည်။
အိုပက်အဖွဲ့ဝင်နိုင်ငံများ၏ မိမိတို့ဆန္ဒအလျောက် ရေနံထုတ်လုပ်မှု လျှော့ချခြင်းသည် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရေနံထုတ်လုပ်မှု ကျဆင်းနေခြင်းများကို ပြန်လည်မြှင့် တင်ရန်အတွက် ယခင်စီစဉ်ထားသည့် အစီအမံကို ကျော်လွန်လိမ့်မည်မဟုတ်ကြောင်း၊ ရေနံစည် များ ပြန်လည်စတင် ရောင်းချနိုင်မှု နှောင့်နှေးကြန့်ကြာနေခြင်းက လွန်ခဲ့သော ၄ လ ကတည်းကပင် ဆော်ဒီအာရေဗျ၏ ရေနံတင်ပို့မှုကို တစ်ရက်လျှင် ရေနံစည် ၆ သန်းအောက်သို့ ရောက်ရှိမှု ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရပါသည်။
Source: The Edge Malaysia, 06 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)