ကမ္ဘောဒီးယားနိုင်ငံ၌ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချခြင်းဖြင့် ပို့ကုန်များမြှင့်တင်ရန်နှင့် ပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်လျက် ဆန်စက်များနှင့် ဆိုင်လိုသိုလှောင်ရုံ လုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ကောက်ခံသော ဓာတ်အားခနှုန်းထားကို လျှော့ချရန် အစိုးရက အောက်တိုဘာ ၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သတ္တုနှင့် စွမ်းအင်ဝန်ကြီး Keo Ratanak က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် ဆန်စက်များနှင့် ဆိုင်လိုသိုလှောင်ရုံများအတွက် လျှပ်စစ်ဓာတ်အားခ လျှော့ချပေးရန် စက်တင်ဘာ ၂၆ ရက်နေ့၌ သဘောတူညီခဲ့ကြောင်း၊ ဆန်စက်များနှင့် ဆိုင်လိုသိုလှောင်ရုံများကို အခြားအကျိုးခံစားခွင့်များရရှိစေရေး ထောက်ပံ့ပေးရန်နှင့် ဆန်ကြိတ်ခွဲမှုနှင့်စပါးအခြောက်လှန်းမှု စရိတ်စကများကို လျှော့ချပေးခြင်းဖြင့် ကမ္ဘာ့ဈေးကွက် သို့ တင်ပို့မည့်ဆန်စပါးများအား ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်ရေး လယ်သမားများသို့ တွန်းအားပေးရာတွင် ကူညီဆောင်ရွက်သွားရန် ဝန်ကြီးချုပ်က ဆုံးဖြတ်ခဲ့ကြောင်း၊ ယခု အစီအစဉ်သည် တောင်သူလယ်သမားများကို ကူညီပံ့ပိုးပေးရန်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ရန် မည်သည့်အကြောင်းအရင်းမျှ မရှိကြောင်း Keo Ratanak က ပြောဆိုခဲ့သည်။
သို့သော် လျှပ်စစ်ဓာတ်အားခ နှုန်းထားများအား ရာခိုင်နှုန်းမည်မျှ လျှော့ချမည်ဖြစ်သည်ကို စွမ်းအင်ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်း၊ ယခုအစီအစဉ်အား ကမ္ဘောဒီးယားနိုင်ငံ ၌ စပါးများရိတ်သိမ်းမှုစတင်မည့် အချိန်ကာလတွင် ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ ဒါရိုက်တာဘုတ်အဖွဲ့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ထိပ်တန်းဆန်တင်ပို့သည့် Amru Rice (ကမ္ဘောဒီးယား) ၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ Song Saran က အစိုးရ၏ ဆုံးဖြတ်ချက်သည် အပြုသဘောဆောင်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ လျှော့ချခြင်းသည် ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချရန် ကူညီရာရောက်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ထိုသို့ စရိတ်လျှော့ချနိုင်မှုမှ စုဆောင်းရရှိမည်ငွေကို လယ်သမားများထံမှ စပါးများ ပိုမိုဝယ်ယူရာတွင် သုံးစွဲလိမ့်မည်ဖြစ်ကြောင်း Khmer Times သတင်းဌာနသို့ ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ပထမ ၈ လတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၄၁၂၀၂၃ တင်ပို့ခဲ့ပြီး စုစုပေါင်း၀င်ငွေ အမေရိကန်ဒေါ်လာ ၃၀၅ သန်း ရရှိခဲ့သည်ဟု CRF ၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး ပြည်ပသို့ ဆန်တင်ပို့ရာတွင် ဆန်မွှေးဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါကာလအတွင်း ကမ္ဘောဒီးယားသည် အိမ်နီးချင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၉၁၈ သန်း တန်ဖိုးရှိသော စပါးတန်ချိန် ၃ ဒသမ ၃ သန်းကို တင်ပို့နိုင်ခဲ့ သည်။
ကမ္ဘောဒီးယား သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာနသည် အစောပိုင်းကာလ၌ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လျှပ်စစ်မီတာခကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အတွင်း လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု စက်ရုံများသည် လျှပ်စစ်ဓာတ်အားခ လျှော့ချပေးခြင်းမှ အကျိုးကျေးဇူးများ ဖြစ်ထွန်းရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Source: Khmer Times, October 7, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)