ဘတ်ထရီအားသုံးကားများအတွက် ကမ္ဘာ့ဝယ်လိုအားဆက်လက်အားပျော့နေသောကြောင့် တိုယိုတာသည် အမေရိကန်တွင် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုစတင်မည့်ရက်ကို နောက်ဆုတ်ခဲ့ကြောင်းသိရပါသည်။ ထိုဂျပန်အင်အားကြီးကားလုပ်ငန်းသည် ၂၀၂၅ခုနှစ်နှောင်းပိုင်း (သို့မဟုတ်) ၂၀၂၆ခုနှစ်အစောပိုင်းတွင် ထုတ်လုပ်မှုစတင်ရန်ရည်ရွယ်ထားကြောင်းသိရပါသည်။ ယခုအခါ တိုယိုတာသည် အမေရိကန် EV လုပ်ငန်းစဉ်များကို ၂၀၂၆ခုနှစ်မသတ်မှတ်ရသေးသည့်ရက်တွင် စတင်ရန်မျှော်လင့်ရကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်းသိရသည်။ Volvo နှင့် Ford တို့ပါဝင်သည့် များစွာသော အခြားအဓိကကားထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း၎င်းတို့၏ EV အစီအစဉ်များကို ပမာဏနောက်ဆုတ်ခဲ့ကြောင်းသိရပါသည်။ တိုယိုတာ၏ ပြောခွင့်ရပုဂ္ဂုလ် Scott Vazin က ၎င်းတို့၏ EV ရည်မှန်းချက်ဖြစ်သည့် ၂၀၂၆ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အစီးရေ ၁.၅ သန်းကို ဆက်လက်ရည်မှန်းလျက်ရှိကြောင်းနှင့် လာမည့် ၂နှစ်အတွင်း အမေရိကန်ဈေးကွက်တွင် EV အမျိုးအစား ၅မျိုးမှ ၇မျိုးအထိမိတ်ဆက်သွားရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီသည် လျှပ်စစ် SUV များထုတ်လုပ်ရန်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်းတို့၏ အမေရိကန်နိုင်ငံ Kentucky ပြည်နယ်ရှိ စက်ရုံတွင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဟုကြောညာခဲ့ပါသည်။ ထို့ပြင် Indiana ပြည်နယ်ရှိ စက်ရုံတွင်လည်း အခြား EV အမျိုးအစားထုတ်လုပ်ရန် အစီအစဉ်များကိုလည်းကြေညာခဲ့ကြောင်းသိရပါသည်။ ထိုရည်မှန်းချက်များကိုပံ့ပိုးရန် တိုယိုတာသည် North Carolina ရှိစက်ရုံတွင် Lithium-ion ဘတ်ထရီထုတ်လုပ်မှုကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ တိုယိုတာ၏ကြေညာချက်သည် အဓိကဈေးကွက်တချို့တွင် EV များအတွက် ဝယ်လိုအား အားနည်းလာမှုနှင့်အတူ ကမ္ဘာ့ကားလုပ်ငန်းအခက်အခဲနှင့် ဆက်လက်ကြုံတွေ့ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်ကြောင်းသိရပါသည်။
Source: BBC
DOCA(ရန်ကုန်)