Main menu

နှစ်အလိုက် ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများ၏ ဈေးနှုန်းနှိုင်းယှဉ်မှုအခြေအနေ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသောပဲများနှင့် ပြည်တွင်းစားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသော ပဲများမှာ လက်လီ/ လက်ကား ရောင်းဝယ်မှုဖြစ်လျက်ရှိကြပါသည်။ အဆိုပါပဲများထဲတွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပဝယ်လိုအားရှိသည့်အတွက် လက်ကားရောင်းဝယ်မှုများခဲ့ကာ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲနီပြား စသည့်သီးနှံများသည် ပြည်ဈေးကွက်အတွင်း   ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီသမားအပြင် လက်ကားဝယ်ယူမှုလည်းရှိခဲ့ကြပါသည်။

        မတ်ပဲသီးနှံအနေဖြင့် (၅)နှစ်တာကာလအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုအခြေအနေအရ ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်တွင် အခြားပဲများအားလုံးထက် ဈေးအမြင့်ဆုံးတွင်ရှိနေ၍ ၂၀၂၂ခုနှစ်တွင် မတ်ပဲသီးနှံအနေဖြင့် ယခင်နှစ်ထက် ဈေးပိုလာသော်လည်း ပဲစင်းငုံနှင့် ကုလားပဲသီးနှံများ ဈေးပြိုင်မြင့်တက်လာခဲ့ကြသည့်အတွက် တစ်တင်းလျှင် ကျပ်၆သောင်းအထက်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ ၂၀၂၃ခုနှစ်တွင်  မတ်ပဲသီးနှံမှာ ဈေးအေးသွားသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများအားလုံးထက် ဈေးလျော့နည်းသွားခဲ့ကာ တစ်တင်းလျှင် ၈၂၀၀၀ကျပ်ဖြင့် ဈေးအနိမ့်ဆုံးဖြင့် ရောင်းဝယ်နေခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် မတ်ပဲသီးနှံသည် ပဲသစ်ပေါ်ချိန်မှစ၍ ဈေးမြင့်တက်လာခဲ့သည့်အတွက် ဧပြီလနောက်ပိုင်းတွင် ပဲတစ်တင်းလျှင် ကျပ်တစ်သိန်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး စက်တင်ဘာလ လကုန်ပတ်တွင် တစ်တင်းလျှင် ၁၃၁၀၀၀ကျပ်အထိရရှိခဲ့သော်လည်း ပြည်ပဝယ်လက်ဈေးကွက်မှာ ပဲစင်းငုံသီးနှံဈေးကို မမီခဲ့ကြောင်းသိရပါသည်။

         ပဲစင်းငုံသီးနှံသည် ၅ နှစ်တာကာလဈေးနှုန်းနှိုင်းယှဉ်မှုအရ  ၂၀၂၄ခုနှစ်တွင် ပဲဈေးနှုန်း သိသိသာသာမြင့်တက်လာမှုကြောင့် ပဲတစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် အခြားပဲများအားလုံးထက်လည်း ဈေးမြင့်တက်ခဲ့၍ ဈေးကွက်အတွင်းစံချိန်တင်မြင့်တက်လျက်ရှိခဲ့ပါသည်။ ပဲအဝင်မရှိသော်လည်း လက်ကျန်လှောင်ပဲများရှိနေသည့်အတွက် ပြည်ပဝယ်လိုအားရှိမှုအပေါ်  လိုသလောက် ရောင်းချမှုဖြစ်ခဲ့ပါသည်။ ၂၀၂၀ခုနှစ်မှ ၂၀၂၃ခုနှစ်ထိ ပဲစင်းငုံဈေးမှာ မတ်ပဲသီးနှံဈေးထက် ဈေးလျော့နေခဲ့ပြီး ၂၀၂၃ခုနှစ်မှစ၍ ပဲစင်းငုံဈေးမြင့်တက်လာမှုကြောင့် ၂၀၂၄ခုနှစ်တွင် မတ်ပဲသီးနှံထက် ဈေးပိုမြင့်လျက်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် ပဲစင်းငုံဈေးနှုန်းသည် သိသိသာသာ ဈေးကွက်အတွင်း မြင့်တက်ခဲ့သည့်အတွက် မတ်ပဲသီးနှံဈေးနှုန်းထက် တစ်တင်းလျှင်  ကျပ်၂သောင်းကျော်ခန့်ထိ ဈေးပိုရရှိနေခဲ့ကြောင်းသိရပါသည်။

        ကုလားပဲသီးနှံမှာ ဒေသတွင်းပဲခွဲစက်သမားများ အဓိကဝယ်ယူမှုရှိသည့် ပဲဖြစ်ခဲ့ပြီး နှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှုအရ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်လာခဲ့သည်ကိုတွေ့ရပါသည်။ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာပြီး   ကုလားပဲသီးနှံအနေဖြင့်လည်း ဆက်လက်ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများထက် ဈေးပိုရနေလျက်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံသီးနှံများ သိသိသာသာဈေးမြင့်တက်လာခဲ့သောကြောင့် ကုလားပဲသီးနှံဈေးမှာ ယခင်နှစ်ထက် ဈေးပိုခဲ့သည်ဟုဆိုသော်လည်း မတ်ပဲဈေးနှုန်းထက် လျော့နည်းနေသည့်အပြင် ပဲစင်းငုံသီးနှံဈေးနှုန်းထက်လည်း ဈေးလျော့နေခဲ့ပါသည်။

         ထောပတ်ပဲသီးနှံမှာ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ၂၀၂၀ခုနှစ်မှစ၍ ၂၀၂၂ခုနှစ်အထိ ပဲဈေးကွက်မှာ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအနိမ့်ဖြင့် ရောင်းဝယ်မှုဖြစ်နေခဲ့ပြီး ၂၀၂၃ခုနှစ်မှစ၍ ထောပတ်ပဲသီးနှံမှာ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။  ၂၀၂၄ခုနှစ်တွင်လည်း ဆက်လက်ဈေးမြင့်တက်ခဲ့သည့်အတွက် တစ်တင်းလျှင် ၁၃၅၀၀၀ကျပ်ဖြင့် ပဲစင်းငုံနှင့် ပဲနီပြားသီးနှံမှလွဲ၍ အခြားပဲများအားလုံးထက်ဈေးပိုခဲ့ကာ ဈေးကွက်၌ ဈေးအမြင့်ဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။

          ပဲဈေးကွက်မှာ လက်ကားသမားထက် လက်လီသမားဖြင့်  ယခုကာလ အရောင်းအဝယ်ဖြစ်မှုများသည့် ပဲနီပြားသီးနှံ၏ နှစ်အလိုက် ကာလတူအချိန်ဈေးနှုန်းနှိုင်းယှဉ်မှုကိုလေ့လာရာတွင် ၂၀၂၀ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ အခြားပဲများထက် ဈေးအေးခဲ့သည်ကိုတွေ့ရပါသည်။ ၂၀၂၃ခုနှစ်မှစ၍ ထောပတ်ပဲသီးနှံနည်းတူ ဈေးကွက်မှာ ဈေးမြင့်တက်ခဲ့သည့်အတွက် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင်လည်း ဈေးဆက် မြင့်တက်ခဲ့သောကြောင့် တစ်တင်းလျှင် ၁၄၅၀၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကာ  မတ်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲသီးနှံများထက် ဈေးပိုခဲ့သော်လည်း ပဲစင်းငုံသီးနှံဈေးနှုန်းအောက် ဈေးအနည်းငယ်လျော့နည်းရောင်းဝယ်နေခဲ့ပါသည်။ 

         ပဲဈေးကွက်တွင် (၅)နှစ်တာအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ၂၀၂၀ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ပြည်ပဝယ်လက်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများအနေဖြင့် ပြည်တွင်းစားသုံးမှုများသော ထောပတ်ပဲ၊ ပဲနီပြားသီးနှံများထက် ဈေးပိုရခဲ့ကြပါသည်။  ၂၀၂၃ခုနှစ်တွင် ထောပတ်ပဲ၊ ပဲနီပြားသီးနှံများ၏ဈေးနှုန်းများ သိသိသာသာမြင့်တက်လာမှုကြောင့် ပြည်ပဝယ်လိုအားများသော ပဲအားလုံးထက် ဈေးပိုရရှိနေခဲ့သည်ကိုတွေ့ရပြီး ၂၀၂၄ခုနှစ်တွင် ပဲစင်းငုံသီးနှံဈေး စံချိန်တင်မြင့်တက်ခဲ့သောကြောင့် ပဲဈေးကွက်မှာ  ထောပတ်ပဲနှင့် ပဲနီပြားသီးနှံမှာ အခြားပဲများထက် ဈေးပိုနေသော်လည်း ပဲစင်းငုံသီးနှံအောက် ဈေးလျော့နည်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

DOCA(ပဲခူး)