၂၀၂၄ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဒေသထွက် ရာသီစာမျှစ်များကို လက်လုပ်လက်စား အလုပ်သမားများက မိသားစုစားဝတ်နေရေးအတွက် မျှစ်ချိုးခြင်း၊ မျှစ်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။
မျှစ်ကို လူသားတိုင်း အရမ်းကြိုက်နှစ်သက်ကြပြီး မျှစ်ပေါ်သောရာသီတွင်မူ မပါမဖြစ်သော အရန်ဟင်းတစ်မျိုးအဖြစ် မျှစ်ကို ချက်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ ဆန်လှော်နှင့် ဟင်းခါးချက်၍သော်လည်းကောင်း၊ မျှစ်ပြုတ်ကို ငါးပိရည်နှင့်တို့၍သော်လည်းကောင်း နေ့စဉ်စားသုံးကြသည်ကိုတွေ့ရပါသည်။
မျှစ်သည် မိုးရွာသွန်းပြီးနောက်ပိုင်း ဇွန်လတွင် ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာပြီး ယခုအောက်တိုဘာလ၊ ဒုတိယအပတ်တွင် မိုးရွာသွန်းမှုအားကောင်းသဖြင့် မျှစ်များလှိုင်လှိုင်ထွက်ရှိကာ ဈေးနှုန်းများကျဆင်းလျက်ရှိပါသည်။ မျှစ်မျာကို မိမိတို့ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့ နယ်တစ်ဝိုက်ရှိ တောတိုက်နေတောင်သူများက လာရောက်ပို့ဆောင်ရောင်းချကြပါသည်။ မျှစ်ဈေးနှုန်းအနေဖြင့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများတွင် မျှစ်တစ်ပိဿာလျှင် (၅၀၀၀/ ၅၅၀၀/ ၆၀၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး ယခုအောက်တိုဘာလ ဒုတိယပတ်တွင် မျှစ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ မျှစ်(၂)ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်လထက် မျှစ်ဈေးနှုန်းများ ထက်ဝက်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်နေကြောင်း မြို့မစည်ပင်သာယာဈေး မျှစ်ရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)