ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မိုးမြေပဲ စိုက်ဧက လေးထောင်ကျော်ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ မြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။
ကြံခင်းမြို့နယ်တွင် ယခုနှစ်၌ မြေပဲစိုက်ဧက သုံးထောင်ငါးရာကျော်စိုက်ပျိုးထားပြီး၊ စိုက်ဧက ၃၂၀၀ခန့် တူးဖော်ပြီးကြောင်း၊ မြေပဲကို နှစ်စဉ် မေလတွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် လှိုင်လှိုင်တူးဖော်ကြပါသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မြေပဲစိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၆၅၀၀၀၀ခန့် ကုန်ကြပြီး တစ်ဧကပျမ်းမျှအတွက်တင်း ၆၁ တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်မှုကြောင့် မြေပဲအထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ် ဒေသတွင်းပေါက်ဈေးအနေဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍ မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၂၇၀၀၀ မှ ငွေကျပ် ၃၀၀၀၀ ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀ သိန်း ဝန်းကျင်ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ကြံခင်းမြို့နယ်အတွင်းမှ ထွက်ရှိသောမြေပဲများကို ဒေသခံကုန်သည်များမှဝယ်ယူ၍ ရန်ကုန်မြို့သို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)