Main menu

အင်္ဂပူမြို့နယ်ရှိ SMEs ထုတ်ကုန်ဖြစ်သော ရွှေပြည်သား “ရွှေသီဟ”ပဲချောင်းကြော်လုပ်ငန်း

Powered by Drupal

          အင်္ဂပူမြို့နယ် ၊ ကံဦးအုပ်စု၊ ကံဦးကျေးရွာတွင် ဒေသထုတ်ကုန်ဖြစ်သော ရွှေပြည်သား “ရွှေသီဟ”ပဲချောင်းကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်း ချလျက်ရှိပြီး မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း ဟင်္သာတ၊ ဇလွန်မြို့နယ်များသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ပဲချောင်းကြော်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ကုလားပဲ၊ ကလောမှုန့်၊ သကြား၊ ဆီ၊ ဆား တို့ကိုအသုံးပြုပါသည်။ ကုလားပဲ ၁ပိဿာလျှင် ၇၈ဝဝိ/-၊ ကလောမှုန့် ၁ပိဿာလျှင် ၃၅ဝဝိ/-၊ သကြား ၁ပိဿာလျှင် ၆ဝဝဝိ/- ကျပ်ခန့်ဖြင့် ဟင်္သာတမြို့ပေါ် ဈေးကွက်မှဝယ်ယူ အသုံးပြုပြီး ပဲချောင်း(၁)ဒယ်စာအတွက် ကုလားပဲ (၂)ပိဿာ၊ ကလောမှုန့် (၃)ပိဿာ၊ သကြား (၇၀)ကျပ်သား နှင့် ဆီ (၄)ပိဿာခန့်ပါဝင်လျက် လုပ်သားဦးရေ(၄)ဦးဖြင့် (၁)ဒယ်စာကုန်ကျစရိတ်  ၁၂၅ဝဝဝိ/- ဝန်းကျင်ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် တစ်နေ့လျှင် ပဲချောင်းကြော် ၁ ဒယ်ခန့်သာပြုလုပ်နိုင်ကြောင်း၊ ပဲချောင်းပြုလုပ်ရန်အတွက် ကုလားပဲအနှစ်၊ ကလောမှုန့်၊ သကြားနှင့်ဆားတို့ကို သမအောင်ရောနှောပြီး ဆီနှင့် ကြော်ကာ အအေးခံထုတ်လုပ်ပါသည်။

          အအေးခံပြီး ပဲချောင်း ၁ ဒယ်လျှင် “ရွှေသီဟ” ပဲချောင်းအထုပ်သေး(၆၀)၊ အထုတ်လတ် (၈၅)ထုပ်နှင့် အထုပ်ကြီး(၃၀)ထုပ်ရရှိပြီး ၅ဝဝကျပ်တန်၊ ၁ဝဝဝ ကျပ်တန် နှင့် ၂ဝဝဝကျပ်တန် ဟူ၍ အမျိုးအစား(၃)မျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသော အကျိုးအမြတ်ရရှိလျက်ရှိပြီး  မြန်မာ့ဒေသထွက်ကုန်အား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ပါ ဈေးကွက်ချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ “ရွှေသီဟ” ပဲချောင်းကြော်သည် စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)