Main menu

“ ရာသီပေါ် ပဲမြစ်ညွန့်များ ဈေးကောင်းရရှိ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။ မိုးတွင်းကာလတွင် သီးနှံများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ အညာဒေသထွက် ပဲမြစ်ညွန့်များလည်း ထွက်ပေါ်လျက်ရှိပါသည်။ ပဲမြစ်ညွန့်များကို ဈေးထဲတွင် တစ်စီးလျှင် (၅၀၀)ကျပ်၊ အညွန့်သင်ပြီးသော ပဲမြစ်ညွန့် တစ်ဆယ်ကျပ်သားလျှင် (၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ပဲမြစ်ညွန့်ကို အသုပ်သုပ်၍စားသုံးသလို အတို့အမြုပ်အဖြစ်လည်း စားသုံးကြပါသည်။ အညာဒေသတွင် ပဲမြစ်ညွန့်ကို ကြော်၍လည်း စားသုံးကြပါသည်။ ပဲမြစ်ညွန့်အရသာသည် ချို၍အရသာရှိသောကြောင့် ခံတွင်းမြိန်စေပြီး စားကောင်းသဖြင့် စားသုံးသူများကြိုက်နှစ်သက်ကြပါသည်။ ပဲမြစ်စိုက်ပျိုးသော တောင်သူဦးကြီးများမှာ ပဲမြစ်အပင်မှ တစ်ပင်လုံးအသုံးဝင်သဖြင့် စိုက်ပျိုးမှုများလာကြောင်း ပဲမြစ်အပင်မှ ပဲမြစ်ညွန့်၊ ပဲမြစ်သားသီး(ခ) ပဲစောင်းခါးသီးများကိုလည်း ခူးဆွတ်ရောင်းချရသည့်အပြင် ပဲမြစ်အပင်မှလည်း နွားစာအဖြစ် အသုံးပြု၍ရသဖြင့် ကျွဲ၊ နွားစာပါ အထောက်အပံ့ဖြစ်ကြောင်း၊ ပဲမြစ်ညွန့်ကို နယ်လှည့်ဆိုင်ကယ်ဈေးသည်များမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူများရှိသလို အခင်းပိုင်ရှင်များမှကိုယ်တိုင်ခူး၍ မြို့ပေါ်ဈေးသို့ ဖောက်သည်သွင်း၍ ရောင်းချကြပါသည်။ ပဲမြစ်အညွန့်အနေတော် ဖောက်သည်ဈေး တစ်စီးလျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ တစ်ဧက ပဲမြစ်ညွန့်ရောင်းရငွေ (၃၅၀၀၀-၄၀၀၀၀) ကျပ်အထိ ရရှိကြောင်း၊ ရာသီပေါ်ချိန်နှင့် ပဲမြစ်ပေါ်ချိန်များတွင် ဈေးကောင်းရရှိပါက ပဲမြစ်စိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပဲမြစ်စိုက်ပျိုးသော သိုတန်၊ မှိုင်းဝကျေးရွာများမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)