Main menu

မအူပင်မြို့နယ်၊ မလတ်တိုနှင့် ထနီးကျေးရွာမှ ရာသီချိန်ထုတ်လုပ်သော ငါးရံ့ခြောက်လုပ်ငန်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်က နှစ်စဉ် ဝယ်ယူမှုကောင်းနေကြောင်း မအူပင်မြို့နယ်ရှိ ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ ကုန်သည်များက ဝယ်ယူမှုအားကောင်းပါသည်။ ယခင်နှစ်တွင် တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၅၀မှ ၁၅၀ထိတင်ပို့ရောင်းချနေရကြောင်းသိရသည်။ ယခုနှစ် ငါးရံပေါ်ချိန်၌လည်း ယခင်နှစ်ထက် ဈေးကောင်းရနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်ဟုပြောကြားခဲ့သည်။
မအူပင်မြို့နယ် ငါးရံ့ခြောက်လုပ်ကိုင်သော မလတ်တိုကျေးရွာနှင့် ထနီးကျေးရွာများသည် မြစ်ကမ်းဘေးတွင်ရှိသော ကျေးရွာများဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံသော်လည်း သား၊ ငါးဖမ်းဆီးလုပ်ကိုင်သူများရှိကြောင်း၊ ဒေသတွင်း စားသုံး၍ ပိုလျှံသောငါးရံများကိုအခြောက်လှန်း၍ ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့လျက်ရှိကြောင်း မလတ်တိုကျေးရွာ ငါးရံ့ခြောက်လုပ်ငန်းရှင် ဦးအောင်မြင့်ကပြောပြခဲ့ပါသည်။
မလတ်တိုကျေးရွာတွင် ငါးရံ့ခြောက်လုပ်ကိုင်သောလုပ်ငန်းရှင် (၁၀)ဦးခန့်ရှိပြီး ငါးရံ့ငါးအစို အရွယ်စုံ ၁ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး ငါးရံ့ခေါင်းနှင့် ငါးရံ့အူများကို ခုတ်ထစ်ဖယ်ရှားပြီး ငါးရံ့များကို ဆားဖြင့်နယ်ပြီး လှပအောင် ခွဲ၍ အဝိုင်းချပ်သဏ္ဌာန်နေလှန်းပါသည်။ နေပူပူတွင် (၃)ရက်နေလှန်းပြီးသောအခါ ငါးရံ့ခြောက်များရရှိပါသည်။ ယခင်နှစ်များထက် ယခုနှစ်တွင် မိုးများသောကြောင့် ငါးခြောက်အထွက်နှုန်းမှာ ယခင်နှစ်ထက် အထွက်နောက်ကျလျက်ရှိနေပါသည်။ ငါးရံ့ခြောက်ကို စက်တင်ဘာလမှစတင်ပြီး မတ်လ ဧပြီလအထိ ဝယ်ယူရနိုင်ကြောင်းသိရသည်။
ငါးရံ့အစိုကို ၁ပိဿာလှန်း၍ ၃၅ကျပ်သားခန့်ရှိသော ငါးရံ့ခြောက်များရရှိပြီး၊ ငါးရံ့ခြောက် ၅၀ကျပ်သားခန့်ရှိသော ငါးရံ့ခြောက်ပြားများမှာ ယနေ့ဈေး ၁ပိဿာလျှင် ၉၀၀၀၀ကျပ်ပေါက်လျက်ရှိကြောင်း ငါးရံ့ခြောက်လုပ်ကိုင်သူ ဦးအောင်မြင့်၏ ပြောပြချက်အရသိရသည်၊
မအူပင်မြို့၊ မလတ်တိုကျေးရွာမှ ငါးရံ့ခြောက်လုပ်ငန်းရှင် (၁၀)ဦးက တစ်ဦးလျှင် ငါးရံ့အစို အချိန်တစ်ဆယ်ခန့် နေ့စဉ် နေလှန်းလုပ်ကိုင်နေကြောင်း၊ မလတ်တိုကျေးရွာမှ နေ့စဉ်ငါးရံ့ခြောက်ကုန်ချိန် (၃၅)ပိဿာခန့်/ ပိဿာ (၅၀)ခန့် မအူပင်ငါးရံခြောက်မျိုးစုံရောင်းဝယ်ရေးဒိုင်မှတစ်ဆင့် နေ့စဉ်တင်ပို့လျက်ရှိကြောင်းသိရပါသည်။ "မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချသော ငါးရံ့ခြောက်များမှာ အချိုခြောက်များဖြစ်ပြီး ဈေးမှာ ငါးရံ့ခြောက်အကြီး၊ အသေးပေါ်မူတည်ပါတယ်လို့" ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြသည်။
ငါးရံ့ခြောက်လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှုများမှာ ငါးရံ့ခြောက်ပိဿာ(၁၀)လျှင် ၅၀၀၀၀ကျပ်၊ လုပ်သားခ (၃)ဦးလျှင် ၃၀၀၀၀ကျပ်နှင့် ဆား ၁ပိဿာလျှင် ၅၀၀ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး၊ ငါးရံ့ခြောက်အရွယ်အစားအလိုက် အကြီးဆုံး ၉၀၀၀၀ကျပ်၊ အလတ် ၇၀၀၀၀ကျပ်၊ အသေး ၅၀၀၀၀ကျပ်တို့ဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းလျက်ရှိကြောင်းသိရှိရသည်။
မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးရံ့ခြောက်များကို အချိုခြောက်နှင့် ဆာလတ်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လတွင် အဆိုပါ ငါးရံ့ခြောက်အလတ်တစ်ပိဿာလျှင် ငွေကျပ်၁၂၀၀၀၀၊ ငါးရံ့ခြောက်အသေးတစ်ပိဿာလျှင် ငွေကျပ်၇၉၀၀၀ထိဈေးပေါက်ရောင်းချခဲ့ရပြီး ယခုအောက်တိုဘာလ ဈေးဦးပေါ်ချိန်က အများဆုံး ၉၀၀၀၀ကျပ်ဈေးပေါက်၍ ရောင်းချနေရပါသည်။ ဈေးပိုမိုကောင်းလာမည်ဟုလည်းခန့်မှန်ကြောင်း ငါးရံ့ခြောက်လုပ်ကိုင်သူ ဦးအောင်မြင့်၏ ပြောကြာချက်အရသိရှိရပါသည်။
DOCA(ဧရာဝတီ)