ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၄.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲ၌ ဟင်္သာတခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ အဓိကအချက်ဖြစ်တဲ့အပြင်၊ ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း တရားမဝင်ကုန်စည်များနှင့် ယှဉ်ပြိုင်နိုင်မှုနည်းပါးပြီး ရေရှည်ရပ်တည်ရန် ခက်ခဲစေနိုင်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ (အထူး) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တရားမဝင်ကုန်စည် များအားလက်လီ/ လက်ကားအရောင်းဆိုင်၊ Shopping Mall များမှတဆင့် ဈေးကွက်အတွင်း ဖြန့်ဖြူးခြင်း၊ လက်လီရောင်းချခြင်းများမပြုလုပ်စေရေး ပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို အချိန်ကာလတစ်ခုသတ်မှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဟောပြောအသိပညာပေးခြင်းကို ဆောင်ရွက်ရတာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း တရားမဝင်ကုန်စည်များရောင်းဝယ်ဖြန့်ဖြူးခြင်းကိုမပြုလုပ်ပဲ ဥပဒေကိုလိုက်နာရန်လိုကြောင်း တို့ကိုပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဟင်္သာတခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက တရားမဝင်ကုန်သွယ်မှု၏အဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများအကြောင်း၊ ပို့ကုန်/ သွင်းကုန်ဥပဒေဆိုင်ရာသိကောင်းစရာများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ပါသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌ ဦးအောင်မြင့်စိုးက နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟောပြောပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဟောပြောပွဲကို ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၅)ဦးနှင့် ဟင်္သာတမြို့နယ်အတွင်းရှိ စက်သုံးဆီလုပ်ငန်း ရှင်များ (၁၅)ဦး၊ ကုန်စုံဆိုင်လုပ်ငန်းရှင်(၈)ဦး၊ ဆန်လုပ်ငန်းရှင်များ(၁၂)ဦး နှင့် စားသုံးဆီလုပ်ငန်းရှင် (၁၂)ဦး၊ စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ပြီး၊ ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌ၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် ပို့ကုန်/ သွင်းကုန်ဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အခြားလိုက်နာဆောင်ရွက်ရမည့် ဥပဒေများကို ပူးပေါင်းလိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် လိုက်နာဆောင်ရွက်မှုပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမည်ကို သိရှိပါကြောင်း လုပ်ငန်းရှင်များက ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ(အထူး) အသိပညာပေး ဟောပြောပွဲပြုလုပ်
Powered by Drupal