အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဒုတိယဝန်ကြီးဖြစ်သူ Sudaryono က အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ်ရေး၊ လေ့ကျင့်ရေးနှင့် နည်းပညာပါဝင်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုပိုမိုအရှိန်မြှင့်တင်ရန် ဂျပန်ကိုဖိတ်ခေါ်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလ ၁၅ရက်နေ့တွင် Sudaryono သည် ဂျပန်နိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဒုတိယဝန်ကြီးဖြစ်သူ Yoichi Watanabe နှင့် တိုကျိုမြို့တွင် တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ ဆွေးနွေးမှုတွင် Sudaryono က အင်ဒိုနီးရှားသည် များစွာသော စိုက်ပျိုးမွေးမြူရေးကုန်ပစ္စည်းများထုတ်လုပ်ရန် အလားအလာရှိသော အပူပိုင်းဒေသနိုင်ငံဖြစ်ကြောင်း၊ ဂျပန်သည် အင်ဒိုနီးရှားစိုက်ပျိုးရေးထုတ်ကုန်များ နိုင်ငံတကာအရည်အသွေးစံနှုန်းမီရန် နည်းပညာလွှဲပြောင်းခြင်းဖြင့် ကူညီရန်မျှော်လင့်ကြောင်းနှင့် အင်ဒိုနီးရှားသမ္မတအသစ်ဖြစ်သူ Prabowo Subianto ၏ အဓိကဦးတည်ချက်မှာ အစားအစာဖူလုံရေးဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်အစား အစာဖူလုံရေးအားထုတ်မှုများထဲမှ တစ်ခုသည် ဟတ်တာ ၃သန်းတွင် စပါးစိုက်ခင်းသစ်များစိုက်ပျိုးဖွင့်လှစ်မည့်ပရိုဂရမ်ကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်းသိရပါသည်။ ထိုအစီအစဉ်ကို သစ်တောပြုန်းတီးမှုမရှိစေဘဲ တည်ရှိပြီးမြေနေရာတွင် ဆောင်ရွက်မည်ဟုသိရပါသည်။ Sudaryono က အင်ဒိုနီးရှားစိုက်ပျိုးရေးသမားများသည် ဂျပန်တွင် လေ့ကျင့်ရာ၌ ပါဝင်ရန်နှင့် နောက်ဆုံးပေါ်နည်းပညာများရယူလာရန် မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံကိုလည်း ထိုဆန်စပါးစိုက်ခင်းစီမံကိန်းတွင်ပါဝင်ရန် အလိုရှိကြောင်းနှင့် သမ္မတသစ်သည် ကျောင်းသား ၈၃သန်းအတွက် အာဟာရပြည့်သော အစားအစာပံ့ပိုးပေးမည့် အခြားပရိုဂရမ်တစ်ခုကိုလည်း အဆိုပြုထားကြောင်း သိရပါသည်။ ပရိုဂရမ်အတွက် နို့နှင့်အသားထောက်ပံ့ခြင်းသည် ပုဂ္ဂလိကကဏ္ဍအတွက် ကျွဲနွားတိရစ္ဆာန်များတင်သွင်းရန် အခွင့်အလမ်းရရှိနိုင်ကြောင်းသိရပါသည်။ ပြည်တွင်းနှင့် ပြည်ပမှ ကုမ္ပဏီ ၄၆ခုသည် အင်ဒိုနီးရှားသို့ ကျွဲနွားတိရစ္ဆာန် ၁.၃ သန်းတင်သွင်းရန် အခိုင်အမာပြောဆိုခဲ့ကြောင်းသိရပါသည်။ အစိုးရသည်လည်း ထိုကျွဲနွားတိရစ္ဆာန်များအတွက် မြေဟတ်တာ ၁သန်းပြင်ဆင်ပေးကာ လိုင်စင်ချပေးခြင်းတို့တွင် ပံ့ပိုးကူညီလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။
Source: Antara News
DOCA(ရန်ကုန်)