စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စီးပွားရေးလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ပါက အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မှတ်ပုံတင်လက်မှတ် လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အခြေချနေထိုင်လျက်ရှိပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်များကို လိုက်နာနိုင်သူ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သူ၊ အစိုးရအဖွဲ့အစည်းတရပ်ရပ်က အမည်ပျက်ကြေညာထားသော ပုဂ္ဂိုလ်များမဖြစ်ရဟု ဖော်ပြထားပါသည်။ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော၊ ကိုယ်ပိုင်သတ်မှတ်ချက်ဖြင့် တရားဝင်ဝက်ဘ်ဆိုဒ်ရရှိထားပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာ တင်ပြနိုင်သောအဖွဲ့အစည်းဖြစ်ရပါမည်။ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ရောင်စုံဓါတ်ပုံ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်း ပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်း၊ အချက်အလက်နှင့် အာမခံချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ မည်သည့်နိုင်ငံမှ တင်သွင်းကြောင်း (သို့မဟုတ်) ပြည်တွင်း၌ ထုတ်လုပ်ကြောင်း ဖော်ပြထားသည့်အချက်အလက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကခွင့်ပြုထားသော အထောက်အထားများရှိပါက ယင်းတို့နှင့်စပ်လျဉ်းသည့် အထောက်အထားများပါ ပူးတွဲတင်ပြ၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဟု ဖော်ပြထားကြောင်း အသိပညာပေး ရှင်းလင်းခဲ့ကြောင်းပါသည်။
DOCA(ဧရာဝတီ)
အင်္ဂပူမြို့နယ် TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း
Powered by Drupal