Main menu

၂၀၂၃-၂၄ သီးနှံရာသီနှစ်၌ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှု ဒေါ်လာ ၅ ဘီလီယံကျော် ရောက်ရှိ

Powered by Drupal

     ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ သီးနှံရာသီ နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

     ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်းအဖွဲ့ (Vietnam Coffee and Cocoa Association -VICOFA) ဥက္ကဋ္ဌဖြစ်သူ Nguyen Nam Hai က ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီနှစ်အတွင်း ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ကြောင်း၊ ယခင်ရာသီနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှု ၁၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

    တင်ပို့မှုပမာဏ ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၃.၁ ရာခိုင်နှုန်း တိုးတက်လျက် ဒေါ်လာ ၅.၄၃ ဘီလီယံရောက်ရှိခဲ့သည့်အတွက် ကော်ဖီရာသီတစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ကော်ဖီဈေးနှုန်းများ မြင့်မားမှုအရ ထိုကဲ့သို့ ပို့ကုန်တန်ဖိုး တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     အထွေထွေအကောက်ခွန်ဦးစီးဌာန၏ ပြောကြားချက်အရ စက်တင်ဘာလတစ်လတည်းမှာပင် ဗီယက်နမ်ကော်ဖီ၏ ပြည်ပတင်ပို့မှု ပျမ်းမျှဈေးနှုန်းသည် ၁ တန်လျှင် ၅၄၆၉ ဒေါ်လာသို့ ရောက်ရှိခဲ့ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ၆၈.၇ ရာခိုင်နှုန်းနှင့် ယခင်လ ပျမ်းမျှ ဈေးနှုန်းထက် ၅.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၃-၂၀၂၄ သီးနှံရာသီ ၁ နှစ်လုံးအတွက် ပြည်ပတင်ပို့မှု ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၃၆၇၃ ဒေါ်လာ ရှိပြီး ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ အဆိုပါ ဈေးနှုန်းအရ ဗီယက်နမ်နိုင်ငံ၏ အဓိကလယ်ယာထုတ်ကုန်များအနက် ကော်ဖီသည်ဈေးအကောင်းဆုံး ပြည်ပပို့ကုန်တစ်ခု ဖြစ်လာပါသည်။

     ၂၀၂၃-၂၀၂၄ သီးနှံရာသီနှစ်အတွင်း ဥရောပသမဂ္ဂသို့ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ကော်ဖီတန်ချိန် ၅၆၃၀၀၀ တင်ပို့ခဲ့ကြောင်း၊ တင်ပို့မှုပမဏအားဖြင့် ၈.၆ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၄၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကော်ဖီ တင်ပို့မှု ဈေးကွက်အနေဖြင့် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

     ပြီးခဲ့သောရာသီနှစ်၌ ဂျာမနီ၊ အီတလီနှင့် စပိန် စသည့်နိုင်ငံများသည် ဗီယက်နမ်၏ ထိပ်တန်းကော်ဖီဈေးကွက်များဖြစ်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံများသို့ ကော်ဖီတင်ပို့မှု တန်ဖိုးများမှာ ဒေါ်လာ ၆၀၇ သန်း၊ ဒေါ်လာ ၄၁၇ သန်းနှင့် ဒေါ်လာ ၄၁၃ သန်း အသီးသီးဖြစ်ပြီး ၂၀၂၂-၂၀၂၃ သီးနှံရာသီနှစ်၌ တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ၃၇ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားအဓိကဈေးကွက်များဖြစ်သည့် ဂျပန်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့မှုပမာဏ ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့်မြင့်တက်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

Source : Vietnam Plus, October 22, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)