
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်၏ ပျမ်းမျှ စျေးနှုန်းကို ရင်းဂစ်ငွေ ၃၅၀၀ မှ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၈၁၂ မှ ၉၂၈) အတွင်းရရှိရန် မျှော်မှန်း ထားပြီး ကမ္ဘာလုံးဆိုင်ရာ စားသုံးဆီထုတ်လုပ်မှု ပိုမိုကောင်းမွန်ခြင်းကြောင့် ယခုနှစ်အတွက် မျှော်မှန်းထားသည့် ဈေးနှုန်းထက် အနည်းငယ် လျော့နည်းမည်ဟု မလေးရှားအစိုးရက ပြောကြားကြောင်း ပါကစ္စတန်နိုင်ငံ အခြေစိုက်၊ Business Recorder သတင်းဌာနက ၁၈-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
အဆိုပါခန့်မှန်းချက်မှာ ကမ္ဘာ့ပဲပုပ်ဆီ ထုတ်လုပ်မှု မြင့်မားနိုင်မည့် အခြေအနေနှင့် အဓိက တင်သွင်းသည့်နိုင်ငံများမှ စားအုန်းဆီကြမ်း ဝယ်လိုအား တည်ငြိမ်ဖွယ်ရှိမှုတို့ကို ထင်ဟပ်လျက်ရှိသည်ဟု မလေးရှားအစိုးရက ၂၀၂၅ ဘတ်ဂျက်နှစ်အတွက် ထုတ်ပြန်ခဲ့သည့် စီးပွားရေးအလားအလာ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သီးနှံရိတ်သိမ်းနိုင်မည့် ဧရိယာကြီးမားမှု၊ ရာသီဥတုကောင်းမွန်မှုနှင့် ပိုမိုကောင်းမွန်သော လုပ်သားဈေးကွက် ဖြစ်ပေါ်လာနိုင်ခြေတို့ကြောင့် ဆီအုန်းကဏ္ဍခွဲ၌ လတ်ဆတ်သော ဆီအုန်းသီးခိုင်များ ထုတ်လုပ်မှုနှင့် အထွက်နှုန်းမြင့်မားမှုတို့သည် အရှိန်အဟုန်ဖြင့် တိုးတက်လာရန် အလားအလာရှိကြောင်း၊ ထို့အပြင် ကမ္ဘာ့စားအုန်းဆီ ရောင်းလိုအားတွင် အကန့်အသတ်ရှိခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ရင်းဂစ် ၃၈၀၀ မှ ရင်းဂစ် ၄၃၀၀ ကြားရှိမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိပါသည်။
မလေးရှားနိုင်ငံ၏ စံပြုစားအုန်းဆီကြမ်း တစ်တန်ဈေးနှုန်းသည် ယခုလတွင် ရင်းဂစ်ငွေ ၄၃၅၀ နှုန်းဖြင့် ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ယခုနှစ်အတွင်း ချုပ်ဆိုသော အရောင်းအဝယ်စာချုပ်များအတွက် စားအုန်းဆီကြမ်းတစ်တန်၏ပျမ်းမျှဈေးနှုန်းမှာ ၄၀၂၅ ရင်းဂစ် ရှိပြီး အောက်တိုဘာ ၁၇ ရက်နေ့ ဈေးကွက်ပိတ်သိမ်းချိန်၌ ၄၂၇၈ ရင်းဂစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
လတ်ဆတ်သော ဆီအုန်းသီးခိုင်များ အထွက်ပမာဏ နည်းပါးခြင်းသည် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် စားအုန်းဆီကြမ်းထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမည်ဟု မျှော်လင့်ထားကြောင်း၊ ယင်းသို့သက်ရောက်မှု ဖြစ်ပေါ်နိုင်ခြင်းမှာ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်၌ စတင်ခဲ့သည့် ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အစပိုင်းတွင် ပိုမိုပြင်းထန်လာခဲ့ကြောင်း၊ ယင်းအခြေအနေက ဆီအုန်းသီးများ၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားမှ စားအုန်းဆီများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမနီ၊ အီရန်နှင့် ဖိလစ်ပိုင်တို့မှ ၀ယ်လိုအားတိုးတက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် အတွင်း စားအုန်းဆီတင်ပို့မှုအနေဖြင့် ၂.၃ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း Business Recorder သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြအပ်ပါသည်။
Source: Business Recorder, 18th October, 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)