ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ဆင်ခြေဖုံးရပ်ကွက်များနှင် ကျေးရွာအချို့တွင် မြေကွက်လပ်နေရာများနှင့် ခြံ၀င်းအတွင်း သပြေပင်များစိုက်ပျိုးထားရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိကြောင်း သိရပါသည်။
မြန်မာလူမျိုးအများစုသည် နေအိမ်ရှိဘုရားကျောင်းဆောင်တော်၌ အောင်သပြေပန်းများကို ကပ်လှူပူဇော်ထားရာ သပြေပန်း(သပြေညွန့်)များသည် ဈေးကွက်အတွင်း၌ ရောင်းအား ကောင်းလျက်ရှိပါသည်။ ဘုရားပန်းဈေးကွက်တွင် မြန်မာသပြေဟုခေါ်သော အောင်သပြေငုတ်များနှင့် အညွန့်ကလေးများ ရဲရဲတောက်နေအောင်လှသော အောင်သပြေညွန့်များမှာ နေရာယူလျက်ရှိပါသည်။
သပြေငုတ်မှာ တာရှည်ခံသဖြင့် အောင်သပြေပန်းကပ်လှူသူအများစုက နှစ်သက်ကြပါသည်။ အာဆီယံသပြေမှာ လှပသော်လည်း သုံးရက်ခန့်သာအထားခံသဖြင့် အလှပန်းထိုးသူများ ပို၍ ဝယ်ယူကြပါသည်။
သပြေလုံးများသည် ယခင်ကတစ်ပင်လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိသာရှိသော်လည်း ယခုအခါ တစ်ပင်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရကြောင်း၊ အာဆီယံ သပြေညွန့်မှာ တစ်စည်းလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တောင်ငူမြို့ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(ပဲခူး)