မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလစတုတ္ထပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းများသည် ယခုလတတိယပတ်ထက် တစ်တင်းလျှင် ၂၀၀၀၀ ခန့်မြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)