Main menu

ဗီယက်နမ်လူမျိုးများသည် နှစ်စဉ်ဆေးလိပ်အတွက် ဒေါ်လာ ၂ဘီလီယံနီးပါးသုံးစွဲ

Powered by Drupal

       ဗီယက်နမ်လူမျိုးများသည် နှစ်စဉ် VND ၄၉ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလီယံ) ဆေးလိပ်အတွက် သုံးစွဲကြပြီး ဆေးရွက်ကြီးကြောင့်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ဖျားနာမှု၊ သေဆုံးမှုနှင့်ပတ်သက်သော စုစုပေါင်းကုန်ကျစရိတ်မှာ နှစ်စဉ် VND ၁၀၈ထရီလီယံခန့်ရှိသည်။ ဆေးရွက်ကြီးသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် သိသာထင်ရှားသောဝန်ထုပ်ဝန်ပိုဖြစ်စေကြောင်း ကျန်မာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးရွက်ကြီးထိန်းချုပ်ရေးရန်ပုံငွေအဖွဲ့မှ Nguyen Thi Thu Huang က ကြာသပတေးနေ့တွင်ပြုလုပ်သော ညီလာခံတစ်ခု၌ ပြောကြားခဲ့သည်။ ဆေးရွက်ကြီးသုံးစွဲမှုနှင့် ကျန်းမာရေးပြဿနာများကြောင့် ကုန်ကျစရိတ်မှာ ၂၀၂၃ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ပမာဏ ၁.၅% နီးပါးဖြစ်ကြောင်း ခန့်မှန်းထားသည်။ ဆေးရွက်ကြီးကြောင့်ဖြစ်သော စီးပွားရေးထိခိုက်မှုသည် ဆေးရွက်ကြီးထွက်ကုန်အခွန်မှရရှိသော ဝင်ငွေထက်သာလွန်နေသည်။ K Hospital မှပြုလုပ်သော လေ့လာမှုတစ်ခုအရ အဆုတ်ကင်ဆာလူနာများ၏ ၉၇% သည် ဆေးလိပ်သောက်သူများဖြစ်ကြောင်းသိရသည်။ Huang သည် အမျိုးသမီးများတွင် ဆေးလိပ်သောက်နှုန်းမြင့်တက်လာခြင်းကိုလည်း မီးမောင်းထိုးပြခဲ့သည်။ လွန်ခဲ့သည့်ရှစ်နှစ်အတွင်း အမျိုးသားများတွင် ဆေးလိပ်သောက်နှုန်း ၄၅.၃% မှ ၃၈.၅% သို့ကျသွားသော်လည်း အသက် ၁၅နှစ်နှင့်အထက် အမျိုးသမီးများတွင် ဆေးလိပ်သောက်နှုန်း ၁.၁% မှ ၁.၅% အထိတိုးလာခဲ့သည်။ လေ့လာမှုများအရ အသက် ၁၄နှစ်တွင် e-cigarette စတင်သုံးစွဲသော ဆယ်ကျော်သက်များသည် အသက် ၁၇တွင် ဆေးလိပ်သောက်နိုင်ခြေပိုများကြောင်း လေ့လာမှုများအရသိရသည်။ ဗီယက်နမ်တွင်အသက် ၁၃~၁၅ နှစ်အကြား ကျောင်းသားများ၏ e-cigarette သုံးစွဲမှုနှုန်းသည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်ကြားတွင် ၃.၅% မှ ၈% သို့ ခုန်တက်လာခဲ့ကြောင်းသိရသည်။ ဆေးလိပ်၏အန္တရာယ်ဆိုးကျိုးများကို တိုက်ဖျက်ရန် အဓိကအစီအမံများအဖြစ် ဆေးလိပ်အပေါ် အခွန်ကောက်ခံခြင်းနှင့် ဆေးလိပ်မသောက်သည့်နေရာများ ဖန်တီးပေးခြင်းကိုဆောင်ရွက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ဆေးလိပ်ရောင်းဈေး၏ ၃၈.၈% ဖြင့် အခွန်ကောက်ခံနေပြီး WHO မှ အကြံပြုထားသော ၇၀% နှုန်းထက် များစွာနိမ့်ကျနေသေးသည်။ နိမ့်ကျနေသောအခွန်နှုန်းထားကြောင့် ဆေးလိပ်ကို လူငယ်များနှင့် ဝင်ငွေနည်းသောသူများ အလွယ်တကူရနိုင်စေသည်ဟု Huang ကပြောကြားခဲ့သည်။ ဗီယက်နမ်တွင် e-cigarette များထုတ်လုပ်ရောင်းချခြင်းနှင့် အသုံးပြုခြင်းတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တားမြစ်ရန် အစိုးရနှင့် အမျိုးသားလွှတ်တော်ကို ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်းသိရသည်။

Source : vnexpress 

DOCA(ရန်ကုန်)