ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်ခရိုင် ကြံစိုက်သည့်ဒေသတို့တွင် ကြံများကို ဩဂုတ်လမှ အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသည်။ ကြံစိုက်ရာသီဖြစ်သည့်အတွက် ကြောင့် ယခုနှစ်တွင်မူ အောက်တိုဘာလမှစ၍ ပွက်သားနှင့် သကြားဈေးများ တက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သားတစ်ပိဿာလျှင် ၃၁၀၀ မှ ၃၁၅၀ ကျပ်၊ သကြားတစ်ပိဿာလျှင် ၃၆၅၀/၃၆၈၀ ကျပ်ထိရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သားတစ်ပိဿာလျှင် ၃၄၀၀-၃၆၀၀ ကျပ်၊ သကြားတစ်ပိဿာလျှင် ၄၇၀၀-၅၀၀၀ အထိ ဈေးများမြင့်တက်လျှက်ရှိပြီး ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။ သကြားများကို ပြည်ပကို တင်ပို့မှုနည်းသော်လည်း ပြည်တွင်း၌ နို့ချက်လုပ်ငန်း၊ ဂျုံဖြင့်ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံ လုပ်ငန်း၊ အချိုရည်လုပ်ငန်းများ ပုံမှန်အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။ ကြံစိုက်ရာသီချိန်ဖြစ်သော်လည်း ပွက်သားလက်ကျန်နှင့် သကြားတို့ ဈေးတက်လျက်ရှိရခြင်းမှာ သွားလာရေးခက်ခဲခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းနှင့် လုပ်အားခများ ဈေးတက်လာခြင်းဖြစ်ကြောင်း သကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)