အောက်တိုဘာလ ၂၃ရက်နေ့တွင် ဘယ်ဂျီယမ်နိုင်ငံ၊ ဘရက်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်-ဘယ်ဂျီယမ် စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံလုံးမှ လုပ်ငန်းများအတွက် အခွင့်အလမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေစေနိုင်ခဲ့ကြောင်းသိရပါသည်။ ဖိုရမ်တွင် ဘယ်ဂျီယမ်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Andries Goyffay က ဗီယက်နမ်သည် အနာဂတ်စီးပွားရေးကြီးထွားမှုကိုမြှင့်တင်ရာတွင် အဓိကနေရာတွင် ရှိနေခြင်းနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသောနိုင်ငံထဲမှ တစ်ခုဖြစ်လာကြောင်း၊ စီးပွားရေးတည်ငြိမ်မှု၊ မဟာဗျူဟာမြောက်တည်နေရာ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသို့ အားကောင်းစွာဝင်ရောက်လာမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ငယ်ရွယ်ပြီး ကျွမ်းကျင်သော လူဦးရေမြင့်တက်လာမှုတို့သည် ဗီယက်နမ်အား နိုင်ငံတကာအသိုက်အဝန်းတွင် အလွန်ဆွဲဆောင်နိုင်စေသော အချက်များဖြစ်စေကြောင်းပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဘယ်ဂျီယမ်ရင်းနှီးမြှုပ်နှံသူများသည် ဗီယက်နမ်၌ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံတန်ဖိုးရှိသော စီမံကိန်း ၉၅ခုတွင် ရင်းနှီးမြှုပ်နှံထားနေကြောင်းသိရပါသည်။ ဘယ်ဂျီယမ်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးဖြစ်သူ Nguyen Van Thao ကလည်း နှစ်နိုင်ငံကြားထောက်ပံ့ပို့ဆောင်ရေး၊ ပင်လယ်ဆိပ်ကမ်းနှင့် သန့်စင်သောစွမ်းအင်တို့တွင် ကြီးမားသောအလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အသားပေးပြောကြားခဲ့ကြောင်းသိရပါသည်။ ဖိုရမ်တက်ရောက်ခဲ့သည့် South Export Alliance ၏ ညွှန်ကြားရေးမှူးဖြစ်သူ Francois Coloval က EU- ဗီယက်နမ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်သည် ဗီယက်နမ်အား အိမ်နီးချင်းနိုင်ငံများထက် ယှဉ်ပြိုင်နိုင်စွမ်းပိုမြင့်စေပြီး ရင်းနှီးမြှုပ်နှံရေးဆောင်ရွက်မှုများနှင့် ဈေးကွက်တိုးချဲ့ခြင်းတို့အတွက် သင့်လျော်သောအခြေအနေများကို ဖန်တီးပေးနိုင်ကြောင်းပြောကြားခဲ့ပါသည်။ VBB ဥပဒေလုပ်ငန်းမှ Elyse Kneller က ဗီယက်နမ်လုပ်ငန်းများ ဥရောပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရန်နှင့် စီးပွားရေးလည်ပတ်မှု တရားဝင်စေရန် EU ၏ Carbon Border Adjustment Mechanism ကိုလိုက်နာရန်နှင့် နားလည်သဘောပေါက်သင့်ကြောင်းနှင့် ထိုစည်းမျဉ်းများသည် ဗီယက်နမ်ကုန်ပစ္စည်းများ ဈေးကွက်ထိုးဖောက်ရန် စွမ်းရည်နှင့် ကုန်ကျစရိတ်ကို သက်ရောက်စေနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုဖိုရမ်တွင် ဗီယက်နမ်လုပ်ငန်းများသည် ၎င်းတို့၏ တမူထူးခြားသောကုန်ပစ္စည်းများကို ဘယ်ဂျီယမ်ဈေးကွက်ကို မိတ်ဆက်ခဲ့ကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)