၂၀၂၄ခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ စံချိန်တင် ပြည်ပခရီးသွား ၄.၈ သန်းလာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၂% မြင့်တက်လာကြောင်း ခရီးသွားဝန်ကြီးဌာနက ၂၃-၁၀-၂၀၂၄ ရက်နေ့၏ ထုတ်ပြန်ချက်အရသိရပါသည်။ ထိုအရေအတွက်သည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ပထမ ၉လတာအရေအတွက်၏ ၉၉.၇% ကိုရောက်ရှိခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ ပြည်ပခရီးသွားအများဆုံး လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်းတို့နောက်တွင် ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်တို့က ရပ်တည်နေကြောင်းသိရပါသည်။ ခရီးသွားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Top Sopheak က ကမ္ဘောဒီးယားသည် ယဉ်ကျေးမှုနှင့် ဂေဟဗဒဆိုင်ရာ ခရီးသွားကဏ္ဍအတွက် ဦးတည်ရာပန်းတိုင်တစ်ခုဖြစ်ပြီး ယူနက်စကိုစာရင်းဝင် ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် Angkor Archaeological Park အတွက် နာမည်ကျော်ကြားကြောင်းပြောကြားခဲ့ပါသည်။ ခရီးသွားကဏ္ဍသည် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားအသုံးအဆောင်တင်ပို့မှု၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာမြေကဏ္ဍတို့နှင့်အတူ ကမ္ဘောဒီးယား၏ စီးပွားရေးကိုပံ့ပိုးပေးနေသည့် အဓိကထောက်တိုင်လေးခုထဲမှ တစ်ခုဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် နိုင်ငံသို့ ပြည်ပခရီးသွား ၅.၄၅ သန်းလာရောက်လည်ပတ်ခဲ့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၀၈ ဘီလီယံရရှိခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ အဆိုအရသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)