ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ဝဥစိုက်ပျိုးသူများမှ ဝဥများတူးဖော်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။ ဝဥများအား သီးသန့်စိုက်ပျိုးသူနည်းပါးပြီး အများအားဖြင့် ကျေးရွာအတော်များများတွင် သစ်ရိပ်များ၊ ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြောင်းသိရပါသည်။
ဝဥစိုက်ပျိုးသူများမှာ ဝဥပင်အား အခြားပိန်းပင်၊ သရက်ကင်းပင်၊ ကုလားဝါးဥပင်များကဲ့သို ဘောင်ဆွဲမြေပြင်မှုမပြုလုပ်ဘဲ တူးဖော်ရောင်းချပြီး မျိုးဥ (သို့မဟုတ်) ရွက်သီးများအား လာမည့်နှစ်များအတွက် ပြန်လည်မြေမြုပ်ကာ မျိုးအဖြစ်စိုက်ပျိုးထားခဲ့ကြသည်။ တစ်နှစ်စိုက်ပျိုးပြီး ပြန်လည်တူးဖော်ရာတွင် ဝဥတစ်ပင်လျှင် (၇၀)ကျပ်သားမှ တစ်ပိဿာခန့်ထွက်ရှိ၍ အရိပ်ရရှိရာနေရာတွင် ပိုမိုဖြစ်ထွန်းကြောင်းသိရပါသည်။ ယခုလက်ရှိဈေးနှုန်းအနေဖြင့် ဝဥ(၁ပိဿာ)လျှင် အစို (၁၀၀၀) ကျပ်မှ(၁၂၀၀)ကျပ်အထိ ပေါက်ဈေးရှိပြီး ဒေသထွက်ဝဥများအပြင် အခြားဒေသများမှလည်း မြို့နယ်သို့လာရောက်ရောင်းချမှုများရှိကြောင်း သိရပါသည်။ တစ်ရက်လျှင် ပျမ်းမျှဝါးဥအစိုပိဿာ (၃၀၀)နှင့် (၄၀၀) ကြားဝယ်ယူရရှိပြီး ဝဥအစိုများအား အခြောက်ပြုလုပ်၍ ပြည်တွင်းဈေးကွက်များမှတစ်ဆင့် ပြည်ပသို့တင်ပို့လျက်ရှိကြောင်း ဝဥလုပ်ငန်းလုပ်ကိုင်နေသော လုပ်သားတစ်ဦးထံမှသိရှိရပါသည်။
သို့ဖြစ်ပါ၍ ဝဥကဲ့သို့ဈေးကွက်ရှိ စားသောက်ကုန်လုပ်ငန်း အသုံးပြုကုန်ကြမ်းများအား ဒေသအလိုက်သင့်လျော်သော မြေအမျိုးအစားတို့တွင် အခြားသီးနှံစိုက်ပျိုးရန် ခက်ခဲသော နေရာများတွင် ပြုပြင်ပေါင်းသင်ရန်မလိုအပ်ဘဲ နှစ်စဉ်တူးဖော်ရောင်းချ၍ရသည့် အပိုဝင်ငွေရသောဝဥအား စိုက်ပျိုးသင့်ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)