Main menu

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ကျွဲကောသီးစျေးကွက်

Powered by Drupal

     ကျွဲကောပင်သည် ရှောက်၊ သံပုရာ၊ လိမ္မော်ပင်စသည့်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင်ပါသည်။ အချို့က ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်း ခေါ်ကြပါသည်။ ကျွဲကောပင်ကို အစေ့မှလည်းကောင်း၊ မြေထုပ်စည်းစနစ်ဖြင့်လည်းကောင်း၊ မျိုးပွားရယူကြပါသည်။ အကိုင်းကူးနည်း၊ မျက်စိဆက်နည်းတို့ဖြင့် စိုက်ပျိုးပါက အပင်ကြီးထွား၍ အသီးပိုမိုဖြစ်ထွန်းပါသည်။ ကျွဲကောပင်များကို အတန်းလိုက်စိုက်ပျိုးထားသည်ကိုတွေ့ရပြီး တစ်ပင်နှင့်တစ်ပင် အနည်းဆုံး ပေ ၂၀ခန့်ခွာ၍ စိုက်ပျိုးရပါသည်။ မိုးဦးကျအချိန်တွင် စတင်ပန်းပွင့်ပြီး အသီးသည် ခပ်လုံးလုံး ပုံစံဖြစ်လာကာ အခွံထူလာပြီးအတွင်း၌ အမြွှာလိုက်အသားများ ဖြစ်ပေါ်လာပါသည်။ အသီးများသည် တော်သလင်းမှ ပြာသိုလအတွင်း ရင့်မှည့်လာပြီး စားသုံးရန်အတွက် ခူးဆွတ်ရောင်းဝယ်ကြပါသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တို့မှထွက်ရှိသော ကျွဲကောသီးများမှာအလွန် နာမည်ကြီးပြီး မိုးရာသီတွင် ထွက်ရှိသောအသီးများမှာ စျေးကောင်းပိုမိုရရှိကြောင်း သိရှိရပါသည်။

      ကျွဲကောသီးများအားမှန်မှန်စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းနွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါတို့ကို သက်သာကောင်းမွန်စေနိုင်ပြီး ကိုယ်ခံစွမ်းအား တိုးတက် ကောင်းမွန်စေကာ ကူးစက်ဖျားနာရောဂါများလည်း မဖြစ်ကြောင်းနှင့် ခန္ဓာကိုယ်အလေးချိန်ကျလိုသူများအတွက်လည်း လွန်စွာကောင်းမွန်ကြောင်း သိရှိရပါသည်။ ယခုအခါထားဝယ်မြို့တွင် သီတင်း ကျွတ်ပြီး အလှူအတန်းပေါများသည့်အတွက်  ဒေသထွက် ကျွဲကောသီးများအပြင် အများဆုံးထွက်ရှိသော မော်လမြိုင်မြို့နယ်မှ အသီးများကိုပါ တစ်ဆင့်ဝယ်ယူ၍ ‌ရောင်းချလျက်ရှိပြီး စျေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလုံးငယ်တစ်လုံးလျှင်(၂၀၀၀မှ၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါကြောင်း ထားဝယ်မြို့ရှိ သစ်သီးအ‌ရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)