ဘရာဇီးနိုင်ငံ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်သီးနှံရာသီကာလထက် ၆ ရာခိုင် နှုန်း တိုးတက်လျက် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန်ချိန် ၁၆၁ သန်းအထိ စံချိန်တင်ရောက်ရှိနိုင် ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှု ဌာန (FAS) က နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြခဲ့သည်။
မျိုးရိုးဗီဇဆိုင်ရာ ပြုပြင်ဖန်တီးထားသည့် မျိုးစေ့များ၊ ဓာတုပစ္စည်းများနှင့် မြေဩဇာများ အပါအဝင် နည်းပညာဆိုင်ရာ ပြောင်းလဲဖော်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ခဲ့ခြင်း အရ နှစ်အလိုက်နှိုင်းယှဉ်ရာတွင် ထုတ်လုပ်မှုတိုးတက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ပြောင်းသီးနှံစိုက်ပျိုးမှုထက် အမြတ်အစွန်းပိုမိုရရှိခြင်း၊ စိုက်ပျိုးထုတ်လုပ်ရန် ပိုမိုလွယ်ကူခြင်းတို့ကြောင့် ဈေးနှုန်းများနည်းပါးလျက်ရှိသော်လည်း ဘရာဇီး လယ်သမားများအနေဖြင့် ပဲပုပ်တိုးချဲ့စိုက်ပျိုးမှုကို ဆက်လက်လုပ်ကိုင်လျက်ရှိကြသည်။
ကမ္ဘာ့ပဲပုပ်စေ့ ဝယ်လိုအားမှာ ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းမှုနှင့်အတူ ရိတ်သိမ်း ထွက်ရှိမည့်သီးနှံများ ဈေးကွက်သို့ ဝင်ရောက်ချိန်၌ ဝယ်လက်များ၏ ဝယ်ယူရန်အသင့်ရှိမည့် အခြေအနေအရ ဘရာဇီးလယ်သမားများသည် ၎င်းတို့၏ ပဲပုပ်စိုက်ပျိုးမှုကို ဆက်လက်တိုးချဲ့လုပ် ဆောင်လိမ့်မည်ဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံ၏ ပဲပုပ်စေ့တင်ပို့မှုသည် ယခင်သီးနှံရာသီနှစ်ကထက် တန်ချိန် ၃ သန်း ပိုမိုလျက် တန်ချိန် ၁၀၂ သန်းအထိ စံချိန်တင်ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ကုန်စည်ပေးသွင်းအား ပိုလျှံမည့်မျှော်မှန်းချက်များ တိုးပွားလာခြင်းနှင့် ဘရာဇီး ရီယယ်ငွေကြေး၏ တန်ဖိုးနိမ့်ကျလျက် ငွေလဲလှယ်မှုနှုန်းထား အထူးကောင်းမွန်မှုတို့အပေါ် အခြေခံလျက် ယခုကဲ့သို့ ခန့်မှန်းထားခြင်းဖြစ်ကြောင်း FAS ဌာနက ဖော်ပြထားသည်။
ထိုသို့ ပဲပုပ်စေ့တင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကာလကြာမြင့်စွာကပင် ဘရာဇီးနိုင်ငံ၏ အဓိကဝယ်လက်အဖြစ် ရပ်တည်နေသော တရုတ်နိုင်ငံသို့ တင်ပို့ရဖွယ်ရှိသည်။ ပဲပုပ်ကုန်ကြမ်း များပြားမှုနှင့် ပဲပုပ်ထုတ်ကုန်များဖြစ်သော ပဲပုပ်ဆီနှင့် ပဲပုပ်ဆီကြိတ်ဖတ်တို့အပေါ် ပြည်တွင်းဈေးကွက်နှင့် ပြည်ပတင်ပို့မှုဈေးကွက်တို့၌ ဝယ်လိုအားများ မြင့်တက်လာမှုတို့အရ ၂၀၂၄-၂၅ သီးနှံ ရာသီနှစ်အတွင်း ဘရာဇီး၏ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်မှုမှာ တန်ချိန် ၅၅.၅ သန်းခန့်ရှိနိုင်ပြီး ၂၀၂၃-၂၄ ခုနှစ်ကထက် ၂.၅ ရာခိုင်နှုန်းခန့် တိုးတက်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: World Grain, 28 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)