Main menu

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှု တန်ချိန် သန်း ၇၀၀ ကျော်လွန်ဖွယ်ရှိ

Powered by Drupal

      တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုတည်ငြိမ်စေရေး အစဉ်တစိုက်ကြိုးပမ်းကြရန် တိုက်တွန်းထားပြီးဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန်သန်း ၇၀၀ ကျော်ရရှိမည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

    အမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်အရ အဆိုပါထုတ်လုပ်မှုပမာဏသည်  ၂၀၂၃ ခုနှစ်တွင် ရိတ်သိမ်းထွက်ရှိခဲ့သော ကောက်ပဲသီးနှံပမာဏ တန်ချိန်သန်း ၆၉၅.၄၁ ထက် ၀.၇ ရာခိုင်နှုန်း ပိုမိုမြင့်မားမည်ဖြစ်ပါသည်။ လူဦးရေ ၁.၄ ဘီလီယံအတွက် ဘရာဇီးနှင့် အမေရိကန်နိုင်ငံတို့ထံမှ တင်သွင်းသည့် ကုန်များအပေါ် များစွာမှီခိုရလျက်ရှိသော ကမ္ဘာ့အကြီးဆုံး ကောက်ပဲသီးနှံထုတ်လုပ်သူ တရုတ်နိုင်ငံအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လယ်ယာသုံးစက်ကိရိယာနှင့် မျိုးစေ့နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခြင်းကို မကြာသေးမီနှစ်များ၌ ဆောင်ရွက်ခဲ့သည်။

       တရုတ်နိုင်ငံ၏ နှစ်စဉ်ကောက်ပဲသီးနှံထုတ်လုပ်မှုသည် ဂျင် (Jin) အလေးချိန်အားဖြင့် ၁.၃ ထရီလီယံ (တန်ချိန် ၆၅၀ သန်း) ကျော်ဖြင့် ၉ နှစ်ဆက်တိုက် တည်ငြိမ်လျက်ရှိခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဂျင် ၁.၄ ထရီလီယံ (တန်ချိန် ၇၀၀ သန်း) ကို ကျော်လွန်မည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ပဲပုပ်စေ့သိုလှောင်မှုအတွက် တင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပြီး၊ ပြောင်းသီးနှံ စိုက်ပျိုးမှုမှာလည်း လိုအပ်သည့်ပမာဏအောက် ကျဆင်းလျက်ရှိခဲ့ကြောင်း၊ သိသာသည့် ပြောင်းလဲမှုမရှိခြင်းကြောင့် နိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် လိုအပ်ချက်တို့ကို ညီညွတ်မျှတမှု ရှိစေရေး လုပ်ဆောင်ရန် ခက်ခဲလျက်ရှိကြောင်း၊ ထို့ကြောင့် ကောက်ပဲသီးနှံထုတ်လုပ်မှု တည်ငြိမ်စေရေး အားထုတ်ကြိုးပမ်းမှုများကို လျော့ချဆောင်ရွက်ခြင်းမပြုရန် လိုအပ်ကြောင်းဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Zhang Xingwang က ဘေဂျင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထုတ်ဖော်ပြောကြားခဲ့သည်။

     အဆိုပါ ဝန်ကြီးဌာနအနေဖြင့် သီးနှံအထွက်ပမာဏကို မြှင့်တင်ရန်အတွက် ဆီအထွက်နှုန်းနှင့် သီးနှံအထွက်နှုန်းမြင့်မားသော ပဲပုပ်မျိုးကွဲများကို ရွေးချယ်စိုက်ပျိုးလျက်ရှိသည့်အပြင် ပဲပုပ် ပြုပြင်ထုတ်လုပ်မှုဆိုင်ရာ အထောက်အပံ့များပေးအပ်မှုနှင့် သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ အစီအမံများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ဝယ်ယူရေးအေဂျင်စီဖြစ်သော Sinograin သည် ၎င်း၏ ပြောင်းဝယ်ယူမှုပမာဏကို မြှင့်တင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းက လယ်သမားများ၏ ဝင်ငွေနှင့် စိုက်ပျိုးထုတ်လုပ်မှုတို့ကို မြှင့်တင်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Hellenic Shipping News , 27 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)