Main menu

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ပီလောပီနံအစို တန်ချိန် ၂ သန်းကျော် ကမ္ဘောဒီးယားတင်ပို့

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ၌ ပီလောပီနံအစို ဈေးကွက်သည် ပို့ကုန်တင်ပို့မှုတွင် သိသာထင်ရှားသော တိုးတက်မှုဖြစ်သည့် ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ၁၆၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုဖြင့် ခိုင်မာအားကောင်းလာကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

     ကမ္ဘောဒီးယား စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဘဏ် (ARDB) က အောက်တိုဘာ ၂၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သော စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေစိုက်ပျိုးရေးဦးစီးဌာန၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ပထမ သုံးလပတ် ၃ ခုအတွင်း ကမ္ဘောဒီးယားသည် လတ်ဆတ်သော ပီလောပီနံအစို တန်ချိန် ၂ သန်းကျော်အား တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၆၂.၅၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုးတက်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များအထိပါ ရောက်ရှိနိုင် သည့် ပီလောပီနံအစို၏ ဈေးကွက်ဝယ်လိုအား ခိုင်မာမှုကို ဖော်ပြနေသည်။ သို့သော် ပီလောပီနံ အခြောက် တင်ပို့မှု စုစုပေါင်းမှာ တန်ချိန် ၈၆၀၀၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ် ပါက ၁၂.၅၄ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ လက်ရှိကာလတွင် ကမ္ဘောဒီးယား၌ ပီလောပီနံ စိုက်ပျိုးမှုဧရိယာမှာ ဟက်တာ ၇၀၀၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

    ကမ္ဘောဒီးယား၏ ပီလောပီနံဈေးကွက်သည် ဒေသတွင်းစားသုံးမှုထက် ပို့ကုန်အဓိက ဦးစားပေး ဖြစ်သည့်အတွက် ထုတ်လုပ်မှုအဆင့် မြင့်မားမှုနှင့် ပြည်တွင်းဝယ်လိုအားနည်းပါးမှု အချက်နှစ်ချက်ကြောင့် တင်ပို့မှုတိုးတက်ခြင်းဖြစ်ကြောင်း၊ နှစ်စဉ် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၀ သန်း ကျော်ရှိကြောင်း၊ ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌စားသုံးမှုရှိပြီး ကျန်ရှိသောပမာဏအား ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သို့ အဓိက တင်ပို့နေကြောင်း၊ ပီလောပီနံအစိုသည် ၁ ကီလိုဂရမ်လျှင် ကမ္ဘောဒီးယားရီယယ်ငွေ ၂၂၀ နှင့် ၄၀၀ အကြား သင့်တင့်သောဈေးနှုန်းရှိနေချိန်တွင် ပီလောပီနံအခြောက်၏ ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ရီယယ်ငွေ ၆၆၀ မှ ၇၅၀ အကြား တန်ဖိုးဖြင့် ဈေးနှုန်းမြင့်မားပြီး တည်ငြိမ်မှုရှိကြောင်း၊ အနာဂတ်တွင် ပီလောပီနံကို ကုန်ကြမ်းအတိုင်း ပိုမိုတင်ပို့သည်ထက် အမှုန့်သို့မဟုတ် အခြားသော ပီလောပီနံထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေးအတွက် ပြုပြင်ကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံများ ပိုမိုတည်ထောင်လုပ်ကိုင်သည်ကို မြင်တွေ့လိုကြောင်းဖြင့် ပီလောပီနံ စိုက်ပျိုးသည့် တောင်သူများ အသင်းဥက္ကဋ္ဌဖြစ်သူ El Chhinh က Khmer Times သို့ ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယား ပြည်တွင်း၌ ပီလောပီနံထုတ်လုပ်သည့် စက်ရုံ ၁၂ ခုခန့်ရှိသော်လည်း စက်ရုံ ၄ ခုမှ ၅ ခုခန့်သာ လက်ရှိတွင် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း Chhinh ၏ ပြောကြားချက်အရ သိရှိရသည်။

    ကမ္ဘောဒီးယားအစိုးရသည် အမျိုးသားပီလောပီနံမူဝါဒ (၂၀၂၀-၂၀၂၅) ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၌ အတည်ပြုပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ ၎င်း မူဝါဒသည် ကမ္ဘာ့ဈေးကွက်သို့ ပီလောပီနံထွက်ကုန်များ တင်ပို့မှုမြှင့်တင်ရာ၌  ကမ္ဘောဒီးယားနိုင်ငံ အား ကုန်ထုတ်လုပ်မှု၊ ပြုပြင်ကြိတ်ခွဲမှုနှင့် ထောက်ပံ့ပေးသွင်းမှုတို့တွင် အားထားယုံကြည်ရသည့် နိုင်ငံတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Khmer Times, 25 October, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)