Main menu

ဖျာပုံခရိုင်ဆန်စပါးကုန်သည်များအသင်း ၂၀၂၅-၂၀၂၉ ခုနှစ်အတွက် အတည်ပြုရွေးချယ်ခြင်းအခမ်းအနားပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်မှ မြို့နယ်တာဝန်ခံများ၊ ဆန်စပါး ကုန်သည်များနှင့်တွေ့ဆုံ၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်ဆန်စပါးကုန်သည်များအသင်း ၂၀၂၅-၂၀၂၉ ခုနှစ် ရွေးချယ်ပွဲကို သင်းဖွဲ့စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါရွေးချယ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးက ခရိုင်ဆန်စပါးကုန်သည်များအသင်းဖွဲ့စည်းနိုင်ရေးနှင့် အသင်းဖွဲ့စည်းမှုအခြေအနေအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် လုပ်ငန်းရှင်များက အသင်းဖွဲ့စည်းနိုင်ရေးအတွက် အမည်စာရင်းတင်ပြခြင်း၊ ထောက်ခံခြင်း၊ ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ကော်မတီဝင်အဆင့်ဆင့်ကိုအဆိုပြုခြင်းနှင့် ထောက်ခံခဲ့ပြီးသော စုစုပေါင်း(၁၇) ဦးကို အတည်ပြုရွေးချယ်ခဲ့ကြပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်လင်းက ဆန်စပါးကုန်သည်အသင်း၏ ရည်ရွယ်ချက်(၁၀) ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး ဆန်စပါးကုန်သည်များအသင်းအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို တိကျသေချာစွာပြောကြားနိုင်မည့် ပုဂ္ဂိုလ်များကို သဘောတူညီချက်၊ ကန့်ကွက်ချက်များမရှိဘဲ ရွေးချယ်ခန့်ထားပြီးဖြစ်သည့်အတွက် အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်မှ မြို့နယ်တာဝန်ခံများနှင့် ဆန်စပါးကုန်သည်လုပ်ငန်းရှင်(၂၉) ဦးတက်ရောက်ခဲ့ပြီး ခရိုင်ဆန်စပါးကုန်သည်များအသင်း ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)