လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTAs) များသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှတွင် စိုက်ပျိုးရေးထွက်ကုန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာစေပြီး ကမ္ဘာပေါ်တွင် အဋ္ဌမမြောက်အကြီးဆုံးတင်ပို့သူဖြစ်လာကြောင်း ကုန်သွယ်ညှိနှိုင်းရေးဦးစီးဌာနမှသိရသည်။ ၂၀၂၄ခုနှစ်၏ ပထမရှစ်လတွင် ထိုင်းနိုင်ငံလယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၈% မြင့်တက်လာခဲ့သည်။ FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ လယ်ယာထွက်ကုန်တင်ပို့မှု၏ ၆၉% ဖြစ်သည်။ အဓိကတင်သွင်းသော နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံမှ ၃၁%၊ အာဆီယံမှ ၁၅%၊ ဂျပန်နိုင်ငံမှ ၁၁%နှင့် တောင်ကိုရီးယားနိုင်ငံမှ ၃% အသီးသီးပါဝင်သည်။ သိသာထင်ရှားစွာ တိုးတက်မှုနှုန်းရှိသောဈေးကွက်များတွင် အာဆီယံ ၃၉%၊ အိန္ဒိယ ၃၄%၊ ဩစတြေးလျ ၂၃%၊ စင်္ကာပူ ၁၀%၊ တောင်ကိုရီးယား ၉% နှင့် ဂျပန် ၇% တို့ပါဝင်သည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် ယခင်လထက် ၉% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံရှိသည်။ ယခုလအတွက် ထိုင်းနိုင်ငံ ၏ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုမြင့်မားသော လယ်ယာထွက်ကုန်တို့မှာ ကန်ဒေါ်လာ ၆၀၄သန်း တန်ဖိုးရှိသော လက်ဆတ်၍ အေးခဲထားသောသစ်သီးများ (+၂၁%)၊ ကန်ဒေါ်လာ ၅၆၂သန်းတန်ဖိုးရှိသော ဆန်များ (+၄၁%)၊ ကန်ဒေါ်လာ ၄၉၇သန်းတန်ဖိုးရှိသော သဘာဝရော်ဘာများ (+၉%)၊ ကန်ဒေါ်လာ ၃၉၂သန်းတန်ဖိုးရှိသော ပြုပြင်ထားသောကြက်သားများ (+၆%)နှင့် ကန်ဒေါ်လာ ၂၆၀သန်းတန်ဖိုးရှိသော ပီလောပီနံထွက်ကုန်များ (+၂%)တို့ဖြစ်သည်။ FTA အထူးအခွင့်အရေးများကို အသုံးချခြင်းဖြင့် ထိုင်းလုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်ကိုတိုးချဲ့နိုင်သည်ဟု အဆိုပါဌာနကမှတ်ချက်ပြုထားသည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်အစတွင် စတင်အသက်ဝင်ခဲ့သော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် နိုင်ငံပေါင်း ၁၈နိုင်ငံမှ FTA ၁၄ခုရှိကြောင်းသိရသည်။ သဘာဝရော်ဘာများ (တရုတ်နှင့် အိန္ဒိယမှလွဲ၍)၊ ပီလောပီနံထွက်ကုန်များ (ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယမှလွဲ၍)၊ ပြုပြင်ထားသောကြက်သားများ (ဂျပန်၊ တောင်ကိုရီးယား၊ ချီလီ၊ ပီရူးမှလွဲ၍)၊ အေးခဲထားသောသစ်သီးများ (ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုမှလွဲ၍) အပါအဝင် ထိုင်းနိုင်ငံမှ ထုတ်ကုန်များစုအပေါ် သွင်းကုန်ခွန်သက်ညှာမှုပေးအပ်ထားကြောင်းသိရသည်။
Source : bangkokpost
DOCA(ရန်ကုန်)
လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များကြောင့် ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုမြင့်တက်လာ
Powered by Drupal