စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၃.၁၀.၂၀၂၄)နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြန်အောင်မြို့၊ မာလကာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၉၇ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးမြင့်အောင်က အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးဝါက ကလေးသူငယ် အခွင့်အရေး အချက်(၄)ရပ်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက်(၁၁:၃၀)နာရီအချိန်တွင် ဟောပြောပွဲကိုရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)