အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာတင်ပို့မှုမှာ ၁% ကျဆင်းခဲ့ပြီး ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၁၂.၁၃ ဘီလီယံရောက်ရှိခဲ့သည်။ ယင်းသို့ကျဆင်းမှုသည် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ၁၇% သိသိသာသာကျဆင်းသွားခြင်းကြောင့်ဟု Financial Express ၏ အစီရင်ခံစာအရသိရသည်။ ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကျဆင်းနေချိန်တွင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်၊ ကျွဲသားနှင့် သစ်သီးဝလံတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ခုနှစ် အလားတူကာလတွင် သိသိသာသာတိုးတက်ခဲ့သည်။ ဘာစမာတီဆန်တင်ပို့မှုမှာ ၁၁% သိသိသာသာမြင့်တက်လာပြီး ကန်ဒေါ်လာ ၂.၈၇ ဘီလီယံအထိရောက်ရှိခဲ့သည်။ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များဖယ်ရှားခြင်းသည် ၂၀၂၅ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် လယ်ယာတင်ပို့မှု ပြန်လည်ဦးမော့လာစေရန် အလားအလာရှိသည်ဟု အစိုးရတာဝန်ရှိသူများက အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။ ပြီးခဲ့သည့်လတွင် အိန္ဒိယအစိုးရသည် (MEP) ကိုဖယ်ရှားခြင်းနှင့် ပို့ကုန်ခွန်များအပါအဝင် ဘာစမာတီနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်အားလုံးဖြေလျော့ပေးခဲ့သည်။ အိန္ဒိယ၏ တင်းြပ်သော ကုန်သွယ်မှုမူဝါဒများကြောင့် ယမန်နှစ်က ဆုံးရှုံးသွားခဲ့သော ဈေးကွက်ဝေစုကို ပြန်လည်ရရှိရန် အိန္ဒိယ၏ဆန်တင်ပို့သူများမှ အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။ ကျွဲသားတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁.၇၃ ဘီလီယံမှ ၂၀၂၅ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ထားသော အရည်အသွေးအာဟာရနှင့် ဘေးကင်းမှုတို့အတွက် အသိအမှတ်ပြုထားသော အိန္ဒိယကျွဲသားများအတွက် တစ်ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားများကြောင့် ထိုကဲ့သို့ တိုးမြင့်လာခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ဆိုသည်။ လတ်ဆက်သော သစ်သီးဝလံများ တင်ပို့မှုသည်လည်း ဘဏ္ဍာနှစ်ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၀.၄ ဘီလီယံအထိ အနည်းငယ်မြင့်တက်လာကြောင်းပြသခဲ့သည်။ ငှက်ပျောသီး၊ သရက်သီး၊ ပြုပြင်ထားသောသစ်သီးများ၊ သစ်သီးဖျော်ရည်များနှင့် အစေ့များကဲ့သို့သော အိန္ဒိယထုတ်ကုန်များအတွက် နိုင်ငံတကာမှ ဝယ်လိုအားတိုးလာကြောင်း တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့ကြသည်။
Source : business-standard
DOCA(ရန်ကုန်)
အိန္ဒိယလယ်ယာထွက်ကုန်တင်ပို့မှုမှာ အနည်းငယ်ကျဆင်းသွားသော်လည်း ဆန်နှင့် အသားများတင်ပို့မှုတိုးတက်မှုကို ပြသလျက်ရှိ
Powered by Drupal