Main menu

ဈေးကောင်းရနေသော ငါးမှာ...ငါးသလောက်ဖြစ်ကြောင်း

Powered by Drupal

"အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း "မယားမှာ ဆံတောက်၊ ငါးမှာ ငါးသလောက်" ဟူ၍ စာချိုးရှိကြပါသည်။ ငါးသလောက်ငါးမှာ ရေပေါ် ရေလွှာနေ ငါးများဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။ မိုးတွင်းအခါ၌ ဥဥရန် ပင်လယ်မှ မြစ်ထဲသို့ ဆန်တက်လာလေ့ရှိသည်။ ဥပြီးသော ငါးသလောက်သည် ကြုံလှီသွားကာ အရသာပျက်သွားတတ်ပါသည်။ ငါးသလောက်၏ ကိုယ်သည် ပြား၍ ဗြက်အနည်းငယ်ကျယ်သည်။ ကျောဆူးတောင်အထက်နားသည် အလယ်၌ ခွက်နေသည်။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည် ဘေးသို့ ကားထွက်နေသည်။ အကြေးများသည် ခေါင်းမှအမြီးတိုင်အောင် ညီညီညာညာရှိကြသည်။ အရောင်မှာ ရွှေရောင်သန်းလျက်ရှိ၍ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများထင်နေတတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင် ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများပါလေ့ရှိသည်။ ကိုယ်ရှည် ၁ပေမှ ၁ပေအထိရှိတတ်သည်။ ငါးသလောက်သက်တမ်းမှာ (၁-၃) နှစ်ဖြစ်ပါသည်။ ငါးသလောက်အမမှာ ဥပေါင်း (၃) သိန်းမှ (၁) သန်းထိဥဥနိုင်ကြပါသည်။ မျှောပိုက်ဖြင့် အဓိကဖမ်းဆီးကြပါသည်။ ပြည်ပပို့ကုန်အဖြစ် နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။ ငါးသလောက်များမှာ ကမ်းရိုးတန်းတစ်လျှောက်တွင် အုပ်စုဖွဲ့ကာနေထိုင်ကျက်စားသကဲ့သို့ မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ အသားမှာနူးညံ့ပြီး အနံ့အရသာမှာ ထူးခြားကောင်းမွန်လှပါသည်။ ငါးသလောက်ငါးကို အရိုးနူးပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ် စသည်ဖြင့် ပြုလုပ်၍စားသုံးကြသည်။ ပြည်မြို့မ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ငါးသလောက်အကောင်လိုက်၍ အကောင်လုံးလိုက် ဈေးနှုန်းသတ်မှတ်ကြပြီး ၁ပိဿာအကောင်လောက်ရှိသော ငါးသလောက်ဈေးမှာ ကျပ်၅ဝဝဝဝိ၊ ၅၀ကျပ်သားခန့်ရှိသော ငါးသလောက်ဈေးမှာ ကျပ်၄၅ဝဝဝ၊ ၂၅ကျပ်သားခန့်ရှိသော ငါးသလောက်ဈေးမှာ ကျပ်၃၅ဝဝဝမှ ကျပ်၃ဝဝဝအထိရှိပြီး ဈေးကောင်းရကာ အရောင်းအဝယ်ကောင်းကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)