ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သောက်ရေသန့်များသောက်သုံးနိုင်ရန်အတွက်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သောက်ရေသန့်စက်ရုံများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုလုပ်ငန်းကို အဖွဲ့စုံဖြင့် (၁.၁၁.၂၀၂၄) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး FDAအဖွဲ့၊ မြို့နယ်ကျန်းမာ၊ မြို့နယ်ထွေ/ အုပ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်/ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့သည် ညောင်တုန်းမြို့နယ်တွင်း သောက်သုံးလျက်ရှိသော သောက်ရေသန့်များ ဘေးအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ညောင်တုန်းမြို့နယ်အတွင်းရှိ သောက်ရေသန့် စက်ရုံ(၉)ခုအား ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ရာ FDA လက်မှတ် သက်တမ်းလွန် စက်ရုံ(၂)ခုနှင့် GMP နှင့်ကိုက်ညီမှုမရှိသည့်စက်ရုံ(၂)ခုအား ယာယီပိတ်သိမ်းခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရပြီး သွားရောက်စစ်ဆေးခဲ့ဆောင်ရွက်မှုတွင် ယခုလို ရှောင်တခင်စစ်ဆေးမှုကိုဂရုပြုနိုင်ရန် လုပ်ငန်းရှင်များကို အသိပေးပြောကြားဆောင်ရွက်လာခဲ့ပြီး၊ ယခုလိုစစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်၍ သတိပြုလုပ်ကိုင်ဆောင်ရွက်ရန်နှင့် စစ်ဆေးမှုတွင် တွေ့ရှိချက်များကို လိုအပ်သောအရေးယူဆောင်ရွက်မှုကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)