Main menu

ဆန်တင်သွင်းမှုအခွန်အား သုညရာခိုင်နှုန်းသို့ ဘင်္ဂလားဒေ့ရှ် အစိုးရ လျှော့ချ

Powered by Drupal

   ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနူန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းထားနိုင်ရန်နှင့် ဆန်ကို အရန်သိုလှောင်ထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရသည် ဆန်တင်သွင်းမှုအပေါ် ကောက်ခံ သည့် အခွန်ကို သုညရာခိုင်နှုန်းသို့  လျှော့ချခဲ့ကြောင်း သိရပါသည်။

   ပေါင်းဆန်နှင့် ရနံ့မွှေးခြင်းမရှိသော ဆန်ဖြူများ တင်သွင်းခြင်းအား အကောက်ခွန်နှင့် စည်းကြပ်ခွန်များအားလုံးမှ ကင်းလွတ်ခွင့်ပြုကြောင်းနှင့် ချက်ချင်းလက်ငင်း အကျိုးသက်ရောက် စေမည်ဖြစ်ကြောင်း အမျိုးသားအခွန်ကြီးကြပ်မှုဘုတ်အဖွဲ့ (NBR) က အောက်တိုဘာ ၃၁ ရက်နေ့ ၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။ ထိုသို့ အခွန်သက်သာခွင့်ဖြင့် ဆန် တင်သွင်းရာတွင် တင်သွင်းမည့်အကြိမ်တိုင်းအတွက် စားနပ်ရိက္ခာဝန်ကြီးဌာနမှ တာဝန်ပေးအပ် ထားသော တွဲဖက်အတွင်းဝန် ရာထူးအဆင့်ရှိသည့် အရာရှိတစ်ဦးက လက်မှတ်ရေးထိုးထားသည့် အတည်ပြုချက်ကို တင်သွင်းခြင်းမပြုမီ ကြိုတင်ရယူရမည် ဖြစ်ပါသည်။

    ပြည်တွင်းဈေးကွက်တွင် ဆန်တင်ပို့မှု တိုးမြင့်လာစေရန်၊ ရေကြီးရေလျှံမှုများကြောင့် ဆန် စပါး ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဈေးနှုန်းများ တည်ငြိမ် စေရန်အတွက် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သည့်အခွန်များကို အပြည့်အဝရုပ်သိမ်းရန် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် အကောက်ခွန် ကော်မရှင်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြံပြုခဲ့ကြောင်း သိရသည်။

    NBR ဘုတ်အဖွဲ့သည် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သည့် အခွန်များအနက် သွင်းကုန် အခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ကြီးကြပ်မှုအခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ကြိုတင်အခွန် ၅ ရာခိုင်နှုန်းကို သုညရာခိုင်နှုန်းသို့လည်းကောင်း အောက်တိုဘာလ ၂၀ ရက်နေ့တွင် လျှော့ချပေးခဲ့သည်။

    သို့ရာတွင် ဆန်ဈေးနှုန်းများသည် လွန်ခဲ့သော ၃ လအတွင်း  မြင့်တက်ခဲ့ပြီး ဆန် ၁ ကီလို ဂရမ်ပေါ်တွင် ၆ တာကာမှ ၁၀ တာကာအတွင်း မြင့်တက်မှုရှိကြောင်း၊ ဆန်ကြမ်းဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၅၅ - ၅၆ နှုန်း၊ အလယ်အလတ်တန်း ဆန် ၁ ကီလိုလျှင် တာကာ ၆၆ -၆၈ နှုန်းနှင့်  ဆန်ချောဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် တာကာ ၇၅ - ၈၈ နှုန်း အသီးသီးရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်းနှင့် စားဖိုဆောင်ပစ္စည်း အရောင်းဆိုင်များ၏ အချက် အလက်များအရ သိရသည်။

    လက်ရှိ ဆန်ဈေးနှုန်းများသည် ယခင်နှစ်ကထက် ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအတွင်း ပိုမို နေကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် စာရင်းအင်းဗျူရိုက မကြာသေးမီကာလ၌ ၂၀၂၃-၂၄ ခုနှစ်အတွက် ဆန်စပါးထွက်ရှိမှု အချက်အလက်များကို ထုတ်ပြန်ခဲ့ရာတွင် ဆန်တန်ချိန် ၄၀.၃ သန်းဖြင့် အမြင့်မားဆုံး ထွက်ရှိခဲ့သည်ဟု ဖော်ပြထားသော်လည်း ဆန်ဈေးနှုန်းများသည် တစ်ပြိုင်နက်တည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

      ဇူလိုင်လမှ သြဂုတ်လအတွင်း ရေကြီးမှု ၂ ကြိမ်ဖြစ်ပေါ်ခြင်းကြောင့် သီးနှံစိုက်ခင်းများတွင် ဆန်တန်ချိန် ၀.၉ သန်းကျော် ပျက်စီးခဲ့ပြီး Noakhali နှင့် Cumilla ဒေသများ၌ ကျေးရွာများရှိ နေအိမ်များတွင် သိုလှောင်ထားသည့် ဆန်စပါးများလည်း ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ထိခိုက်ဆုံးရှုံးမှုများကို ကြုံတွေ့ရပြီးနောက် အစိုးရသည် ဆန်တင်သွင်းမှုအခွန်အား သုည ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Source: The Financial Express, 2 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)