တောင်ငူမြို့နယ် ဒိုးအင်း၊ ကရင်ချောင်း၊ မဝါ၊ စဉ့်ကိုင်စသည့် ကျေးရွာများတွင် မိုးမြေပဲနှင့် ဆောင်းမြေပဲများကို စိုက်ပျိုးကြပါသည်။ မြေပဲများသည် စိုက်ပျိုးပြီး ၃ လကြာလျှင် နှုတ်သိမ်းနိုင် ပါသည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလပထမအပတ်တွင် မြေပဲတောင့် အစိုတစ်ပြည်လျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရောင်းချရပြီး ၎င်းမြေပဲ အတောင့်ကိုပြုတ်၍ နို့ဆီတစ်ဗူးလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ မြေပဲတောင့်ကို ခြောက်သည် အထိလှမ်းပြီး စက်ဖြင့်ကြိတ်ခွဲ၍ ရရှိလာသော မြေပဲဆံကို တစ်ပိဿာလျှင် ၇၅၀၀ မှ ၈၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
မြေပဲဆံသည် အဖြူနှင့် အနီဟူ၍ နှစ်မျိုးရှိပါသည်။ မြေပဲဆံသည် ဆိမ့်သည့်အရသာရှိသဖြင့် အသုပ်အမျိုးမျိုးပြုလုပ်ရာတွင် မပါမဖြစ်ထည့်သုံးကြပါသည်။ ထို့အတူ ထန်းလျက်နှင့်ရော၍ ကျိုချက်ပြီး မြေပဲယိုအဖြစ်လည်းကောင်း၊ လက်ဖက်သုပ်တွင်ထည့်၍ ရေးနွေးကြမ်းဖြင့်လည်းကောင်း သုံးဆောင်ကြပါသည်။
မြေပဲဆံကိုကြိတ်၍ ထွက်ရှိသောမြေပဲဆီသည် လူတို့ကျန်းမာရေးအတွက် အသင့်လျော်ဆုံးသော စားသုံးဆီဖြစ်ပြီး အနံ့ရော အရသာပါ ကောင်းမွန်ပါသည်။ မြေပဲဆီကို တစ်ပိဿာလျှင် ယခင်အောက်တိုဘာလတွင် ၁၆၀၀၀ ကျပ်၊ ယခုနိုဝင်ဘာပထမအပတ်တွင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)