မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးသောသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ဆောင်းနှမ်းကို မြစ်သားမြို့နယ်တွင် (၂၉၀၉) ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ နှမ်းနက်နှင့် နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းနှမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် ထွက်ရှိမှာဖြစ်ကြောင်း၊ ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၅၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ သပြေသာရွာ၊ တမာပင်ရွာနှင့်ဟင်းလျှာကန် ရွာများတွင် အများဆုံးစိုက်ပျိုးထားရှိပါသည်။ ဆောင်းနှမ်းကိုဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ဆောင်းနှမ်းထွက်ပေါ်ချိန်တွင် တစ်ဧကလျှင် (၁၀ - ၁၁ )တင်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း၊ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၂၀၀၀/-)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၃၇၀၀၀/-)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ နှမ်းပေါ်ချိန်တွင် မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ဆောင်းနှမ်းများရိတ်သိမ်းချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နှမ်းစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)