မြန်မာနိုင်ငံတွင် ငရုတ်သီးကို တိုင်းဒေသကြီးတော်တော်များများ၌ စိုက်ပျိုးကြသည်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပြီး တနင်္သာရီတိုင်းတွင် စီးပွားဖြစ် အသင့်အတင့်စိုက်ပျိုးသည်။ ငရုတ်သီးကို စိုက်ပျိုးနည်း (၂)နည်းဖြင့် စိုက်ပျိုးပြီး တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် တိုက်ရိုက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသည်။ စတင် စိုက်ပျိုးပြီး(၂)လအကြာတွင် ပန်းပွင့်၍ နောက်(၂)ပတ်အကြာတွင် ပထမအကြိမ် စတင်ခူးဆွတ်နိုင်သည်။ မျိုးနှင့် မြေအခြေအနေအပေါ်မူတည်၍ ငရုတ်သီးစိမ်း (၁)ဧကလျှင် (၄၀၀-၁၀၀၀) ပိဿာ ထွက်သည်။
ထားဝယ်ဈေးကွက်တွင်း ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ဈေးကောင်းလျက်ရှိသည်။ မိုးထောင်မျိုး(အရပ်ခေါ်)မိုးမျှော်ငရုတ်သီးကို အများဆုံးစားသုံးကြပြီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ရှိ၍ ထားဝယ်ခရိုင်အတွင်း မြို့နယ်များသို့ မော်လမြိုင်ဈေးကွက်မှ ကားများဖြင့် လာရောက်ရောင်းချကြပါသည်။ ငရုတ်သီးသည် ဗီတာမင်စီ ကြွယ်ဝသဖြင့် ရောင်ရမ်းမှုကို သက်သာစေပြီး အနာအ ကျက်မြန်စေပါသည်။ အသင့်အတင့်စားသုံးပါက အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာကို ဖြေရှင်း ပေးနိုင်သည့်အပြင် မျက်စိအားကောင်းစေပြီး ကင်ဆာရောဂါ ကာကွယ်စေနိုင်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)