ဖိလစ်ပိုင်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုသည် စက်တင်ဘာလအတွင်းသုံးပုံတစ်ပုံအောက် အနည်းငယ်တိုးလာခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တွင် တိုးတက်မှုနှုန်းအမြင့်ဆုံးအဖြစ်ဦးဆောင်လျှက်ရှိသည်။ Asean Automotive Federation (AAF) ၏ ၁၁-၆-၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်သောအချက်အလက်များအရ စက်တင်ဘာလအတွင်း ပြည်တွင်း၌ ကားအစီးရေ ၁၀၅၅၄ စီးထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ထုတ်လုပ်ခဲ့သောအစီးရေ ၈၃၀၃ စီးနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်းတိုးလာကြောင်းပြသနေခြင်းပင်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် တိုးတက်မှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်သော်လည်း အစီရင်ခံစာတွင်ပါဝင်သော အာဆီယံနိုင်ငံများတွင် မော်တော်ယာဉ်ထုတ်လုပ်မှုပမာဏ၏ ငါးပုံတစ်ပုံသာရှိသည်။ စက်တင်ဘာလတွင် ၁၂၂၂၇၇ ယူနစ်အများဆုံး ထုတ်လုပ်သောထိုင်းနိုင်ငံသည် ထုတ်လုပ်မှု ၁၆၄၀၉၃ ယူနစ်မှ ၂၅.၅ ရာခိုင်နှုန်းကျဆင်းသွားသည့်အတွက် ကျဆင်းမှုအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည်လည်း ၁၁၂၇၈၆ ယူနစ်မှ ၉.၈ ရာခိုင်နှုန်း သို့ ၁၀၁၆၈၈ ယူနစ်သို့ ကျဆင်းခဲ့ကြောင်းသိရသည်။ အလားတူပင် မလေးရှားနိုင်ငံသည် ၆၉၁၃၃ ယူနစ်မှ ၅၅၃၈၃ ယူနစ်သို့ ၁၉.၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့်ဗီယက်နမ်နိုင်ငံ၏ထုတ်လုပ်မှုသည် ၁၄၆၁၀ ယူနစ်မှ ၁၆၂၅၁ ယူနစ်သို့ ၁၁.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံမှလည်း ၂၀၆ ယူနစ်မှ ၂၁၉ ယူနစ်သို့ ၆.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းမှတ်တမ်းဝင်ခဲ့သည်။ စုစုပေါင်းအားဖြင့် ထိုနိုင်ငံခြောက်နိုင်ငံသည် စက်တင်ဘာလအတွင်းကားအစီးရေး ၃၀၆၃၇၂ ယူနစ်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလထုတ်လုပ်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။ ဖိလစ်ပိုင်နိုင်ငံသည်စက်တင်ဘာလတွင်မော်တော်ဆိုင်ကယ်နှင့် စကူတာထုတ်လုပ်မှုအပိုင်းတွင်လည်းတိုးတက်လာခဲ့သည်။ စက်တင်ဘာလအတွင်းပြည်တွင်း၌မော်တော်ဆိုင်ကယ်နှင့် စကူတာ အစီးရေ ၁၁၉၁၀၇ ယူနစ်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ထုတ်လုပ်ခဲ့သောအစီးရေ ၉၂၈၆၁ ယူနစ်ထက်၂၈.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ဇန်နဝါရီလမှစက်တင်ဘာလအထိ ပြည်တွင်းမှတပ်ဆင်ထုတ်လုပ်သူများသည် မော်တော်ဆိုင်ကယ်နှင့် စကူတာစုစုပေါင်းအစီးရေ ၁၀၁၂၄၀၀ ယူနစ်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလက ထုတ်လုပ်ခဲ့သော အစီးရေ ၉၄၂၂၅၅ ယူနစ်ထက် ၇.၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။
Source:Business.inquirer
DOCA(ရန်ကုန်)