၂၀၂၄ ခုနှစ်၏ ပထမဆယ်လတာကာလတွင် ဗီယက်နမ်၏ငရုတ်ကောင်းတင်ပို့မှုသည် ပမာဏတွင် ၁.၉% ကျဆင်းခဲ့သော်လည်း စျေးနှုန်းမြင့်တက်မှု၏ကျေးဇူးကြောင့် တန်ဖိုးတွင်၄၈% သိသာစွာမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏ ပြောကြားချက်အရသိရပါသည်။ ထိုကာလတွင် ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းတန်ချိန် ၂၁၉၃၈၇ တန်တင်ပို့ရာမှဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။ အနက်ရောင်ငရုတ်ကောင်းတစ်တန်၏ ပျမ်းမျှတင်ပို့စျေးနှုန်းမှာ တစ်တန်ကို ၄၉၇၁ အမေရိကန်ဒေါ်လာ ရှိပြီးလွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၁၅၂၈ အမေရိကန်ဒေါ်လာ မြင့်တက်ခဲ့ကာ အဖြူရောင်ငရုတ်ကောင်းတစ်တန်မှာ အမေရိကန်ဒေါ်လာ ၆၆၂၆ ဒေါ်လာရှိကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက်၁၆၇၁ အမေရိကန်ဒေါ်လာမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် ဗီယက်နမ်သည် ငရုတ်ကောင်း တန်ချိန် ၁၈၄၉၃ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ သန်း၁၂၀ ရရှိခဲ့ကြောင်းသိရပါ သည်။ ထိုကာလအတွင်း အမေရိကန်သည် တန်ချိန် ၆၂၅၅၃ တန်ဖြင့် ဗီယက်နမ်၏ အကြီးမားဆုံး ငရုတ်ကောင်းတင်ပို့ရာစျေးကွက်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၄၇% မြင့်တက်ခဲ့ပြီး စုစုပေါင်းတင်ပို့မှုပမာဏ၏ ၂၈.၅% ရှိကြောင်းသိရပါသည်။ အခြားအဓိကတင်ပို့ရာစျေးကွက်များတွင် ယူအေအီး၊ ဂျာမနီ၊ အိန္ဒိယနှင့် နယ်သာလန်နိုင်ငံတို့ ပါဝင်ကြောင်း သိရပါသည်။ ပြည်တွင်းထုတ်လုပ်မှုအပြင် ဗီယက်နမ်သည် ငရုတ်ကောင်းကို ပြုပြင်ထုတ်လုပ် တင်ပို့ရန်အတွက်အခြားနိုင်ငံများထံမှ တင်သွင်းကြောင်းသိရပါသည်။ အောက်တိုဘာလတစ်လ တည်းတွင်ဗီယက်နမ်သည်အမေရိကန်ဒေါ်လာ ၂၉.၃သန်း တန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၄၈၁၈ တန်ကို အဓိကအားဖြင့် အင်ဒိုနီးရှားနှင့်ဘရာဇီးထံမှတင်သွင်းပြီး စက်တင်ဘာလကထက် ၉၈ % မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ဆယ်လတာအတွက်ဆိုပါက အမေရိကန်ဒေါ်လာ ၁၃၁.၃ သန်းတန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၂၈၅၉၆ တန်ကိုတင်သွင်းခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ဗီယက်နမ်သည် ထိုဆယ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၂၀.၅ သန်းတန်ဖိုးရှိသော သစ်ကြံပိုးခေါက် တန်ချိန် ၇၉၅၁၆ တန်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ပမာဏတွင် ၆.၄ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ အိန္ဒိယ၊ အမေရိကန်နှင့်ဘင်္ဂလားဒေ့ရှ်တို့မှာ ဗီယက်နမ်သစ်ကြံပိုးခေါက် အဓိကတင်ပို့ရာ စျေးကွက်သုံးခု ဖြစ်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည်အမေရိကန်ဒေါ်လာ ၉ သန်း တန်ဖိုးရှိသည့် သစ်ကြံပိုးခေါက်တန်ချိန် ၃၇၁၃ တန်ကို ပြုပြင်ထုတ်လုပ်ရန်အတွက် တင်သွင်းခဲ့ကြောင်းသိရှိရပါသည်။
Vietnamplus
DOCA(ရန်ကုန်)