အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဆန်တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားရှိမှုမှ အပြည့်အဝ တင်သွင်းခြင်းမပြုနိုင်ပဲ ကျန်ရှိမည့်ပမာဏကို ရှေ့နှစ်တွင် ဆက်လက်တင်သွင်းမည် ဖြစ်ရာ ဈေးကွက်၌ ထောက်ပံ့ပေးသွင်းနိုင်မှုအပေါ် မူတည်၍ ၂၀၂၅ ခုနှစ်၌ ဆန်ကို အသစ်ထပ်မံ တင်သွင်းရဖွယ် မရှိနိုင်ကြောင်းနှင့် အကယ်၍ တင်သွင်းရန် လိုအပ်မည်ဆိုပါကလည်း ပမာဏ အနည်းအကျဉ်းမျှသာ ရှိနိုင်သည်ဟု စားနပ်ရိက္ခာရေးရာဝန်ကြီး Zulkifli Hasan က နိုဝင်ဘာ ၁၁ ရက်နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၌ ခြောက်သွေ့သော ရာသီဥတုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ စပါးစိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှု ရာသီချိန်ကာလ နောက်ကျခဲ့ပြီး ယခုနှစ် ဆန်ထုတ်လုပ်မှုမှာ ၂.၄၃ ရာခိုင်နှုန်း ကျဆင်းလျက် တန်ချိန် ၃၀.၃၄ သန်းခန့်ရှိမည်ဟု စာရင်းအင်းဗျူရိုဌာနက ယခင်လ၌ ပြောဆိုထားသည်။
အင်ဒိုနီးရှား၏ ဆန်တင်သွင်းမှုမှာ လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း မြင့်တက်လာခဲ့ပြီး နှစ်စဉ်တင်သွင်းမှုပမာဏသည် တန်ချိန် ၃ သန်းအထက်သို့ ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှား အစိုးရ သည် ယခုနှစ်၌ ဆန်တန်ချိန် ၃.၆ သန်းတင်သွင်းရန် လျာထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် သမ္မတ Prabowo Subianto ၏ ကိုယ်ပိုင်ထုတ်လုပ်မှုဖြင့် စားနပ်ရိက္ခာဖူလုံရေး ရည်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် စပါးစိုက်ခင်းအသစ်ဧရိယာကို ဟက်တာ ၇၅၀၀၀၀ မှ ဟက်တာ ၁ သန်းအတွင်း (ဧက ၁.၈၅ သန်းမှ ၂.၄၇ သန်း အတွင်း) တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ Source: Hellenic Shipping News, 12 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)