Main menu

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်မည်ဟု BMI အဖွဲ့ ခန့်မှန်း

Powered by Drupal

     မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်ထောက်ပံ့မှု လျော့ကျလာပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊  ‌ဖေဖော်ဝါရီလအထိ ၃ လအတွက် ဘာဆာမလေးရှားဈေးကွက်၌ စားအုန်းဆီကြမ်း ကြိုတင်အရောင်းစာချုပ်များကို အနည်းဆုံး ၅% ခန့် ဈေးနှုန်းမြှင့်တင် ချုပ်ဆိုမှု များရှိကြောင်း နိုင်ငံတကာစီးပွားရေး စောင့်ကြည့်လေ့လာရေးသုတေသနအဖွဲ့ (Business Monitor International-BMI) ၏ ‌ရေးသား ဖော်ပြချက်ကို ကိုးကားလျက် မလေးရှား New Straits Times သတင်းဌာနက ၁၁-၁၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

      ၂၀၂၄ ခုနှစ်အတွက် စားအုန်းဆီကြမ်း တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၈၅၀  နှုန်းရှိမည် ဟု ယခင်ကခန့်မှန်းထားရှိမှုကို  ရင်းဂစ် ၄၀၅၀ သို့ မြှင့်တင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် သင်္ဘောတင် ပို့ဆောင်မည့်စားအုန်းဆီ တစ်တန်လျှင် ၃၆၅၀ ရင်းဂစ်နှုန်း ခန့်မှန်းချက်ကိုလည်း ရင်းဂစ် ၃၉၀၀ သို့ တို့းမြှင့်ခန့်မှန်းတွက်ချက်ထားရှိမှုကို BMI က ဖော်ပြပါသည်။ 

       ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ချုပ်ဆိုသည့် စာချုပ်များတွင် စားအုန်းဆီကြမ်း တစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ရင်းဂစ် ၃၉၉၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်အစမှ ၎င်းနေ့ရက်အထိ (Year-To-Date YTD) တစ်တန်ပျမ်းမျှဈေးနှုန်း ၃၉၅၂ ရင်းဂစ်ထက် ဈေးနှုန်းမြင့် တက်မှု ဖြစ်ပေါ်လာခဲ့သည်။

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်အထိ စားအုန်းဆီ YTD ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ရင်းဂစ် ၃၉၃၇ ဖြစ်၍ တစ်တန်အပေါ် ၅၃ ရင်းဂစ် မြင့်တက်ပြီး စျေးနှုန်းခိုင်မာမှု ပိုမိုတိုးတက်လာကြောင်း၊ နိုဝင်ဘာ ၄ ရက်နေ့ ဈေးကွက်ပိတ်သိမ်းချိန်၌ အရောင်းအဝယ်စာချုပ်များသည် တစ်တန်လျှင် ရင်းဂစ် ၄၈၉၁ အထိ မြင့်တက်ခဲ့ပြီး ၎င်းဈေးနှုန်းသည် ၂၀၂၂ ခုနှစ်၊  ဇွန်လ ၃၀ ရက် နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အတွင်း စားအုန်းဆီ တစ်တန် ပျမ်းမျှဈေးနှုန်းမှာ ရင်းဂစ် ၃၉၉၅ ဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် ၂၂.၁%  မြင့်တက်ခဲ့သည်။

   ကမ္ဘာ့ စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ထုတ်လုပ်မှုလျော့ကျခြင်းနှင့် သိုလှောင်မှုလက်ကျန် လျော့နည်းဖွယ်ရှိခြင်းတို့အပေါ် စိုးရိမ်မှုများ ရှိလာသဖြင့် လတ်တလော၌ စားအုန်းဆီဈေးနှုန်းခိုင်မာမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ ထို့အပြင် စားသုံးဆီ အမျိုးမျိုး၏ ဈေးနှုန်းခိုင်မာမှုဖြစ်ပေါ်ခြင်းကလည်း အထူးသဖြင့် စားအုန်းဆီဈေးကွက်တွင် အရှိန်အဟုန်ဖြင့် ဈေးနှုန်းမြင့်တက်လာစေခဲ့သည်။

   တစ်ချိန်တည်းမှာပင် နိုင်ငံခြားငွေလဲနှုန်းမှာ ၁ အမေရိကန်ဒေါ်လာလျှင် ၄.၁၂၁၅ ရင်းဂစ် ရှိရာမှ ၄.၃၇၆ ရင်းဂစ်သို့ မြင့်တက်လျက် မလေးရှားရင်းဂစ် ငွေကြေးတန်ဖိုး ၆.၂% ကျဆင်းခဲ့ရာ စားအုန်းဆီဈေးနှုန်းခိုင်မာမှုကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ စားအုန်းဆီစျေးနှုန်းများသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၅ နှစ်ဦးပိုင်းအထိ မြင့်မားနေဦးမည်ဟု မျှော်လင့်ထားသော်လည်း ဆက်လက် မြင့်တက်နိုင်မှုမှာ အကန့်အသတ်ရှိကြောင်း၊ ကာလတို၌ မြောက်ကမ္ဘာခြမ်းတွင် ဆောင်းရာသီ ကျရောက်လာရာ ရာသီအလိုက် စားအုန်းဆီတင်သွင်းမှု ကျဆင်းခြင်းနှင့် အိန္ဒိယနိုင်ငံ၌ ဒီပါဝလီ ပွဲတော်သည်လည်း ပြီးဆုံးသွားသဖြင့် ၎င်းပွဲတော်နှင့်ဆက်နွှယ်သော သွင်းကုန်ဝယ်လိုအားသည် လျော့ကျလာမည်ဟု မျှော်လင့်ရကြောင်း BMI သုတေသနအဖွဲ့က ဆိုသည်။

     စားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ခြေမှာ အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ ထုတ် လုပ်မှုအပေါ် မူတည်နေပြီး ၂၀၂၄ ခုနှစ်၊ စတုတ္ထသုံးလပတ်၌ လာနီညာ (La Niña) ရာသီဥတု စတင်ဖြစ်ပေါ်မည့် အခြေအနေရှိပါက စျေးကွက်နှစ်ခုလုံးတွင် ထုတ်လုပ်မှု တိုးတက်လာစေမည် ဖြစ်သည်။ လက်ရှိခန့်မှန်းချက်များအရ လာနီညာရာသီဥတုဖြစ်စဉ်သည် အားပျော့မည့်အခြေအနေ ရှိပြီး ပျမ်းမျှ မိုးရွာသွန်းမှုကိုကျော်လွန်၍  မိုးရွာသွန်းမှုလွန်ကဲခြင်းနှင့် ရေကြီးရေလျှံမှုအဖြစ်သို့ ကူးပြောင်းမည့် အန္တရာယ်များကို နည်းပါးစေမည်ဟု BMI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ပဲပုပ်ဆီထက် ဈေးနှုန်းပိုမိုမှု ဖြစ်ပေါ်ခဲ့သော စားအုန်းဆီဈေးနှုန်း တိုးတက်ကောင်းမွန်မှုသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် အရှိန်လျော့ကျ နိုင်ဖွယ်ရှိကြောင်း၊ စားအုန်းဆီ၏ သီးခြားလုပ်ဆောင်မှုဆိုင်ရာ ဂုဏ်သတ္တိရှိမှုအရ စားသောက်ကုန် ထုတ်လုပ်သည့်ကဏ္ဍ၌ ဝယ်လိုအား အပြောင်းအလဲမရှိနိုင်သော်လည်း အိမ်ထောင်စုအဆင့်တွင် အခြားသော စားသုံးဆီများကို အစားထိုးအသုံးပြုမှု ဖြစ်ပေါ်လာနိုင်ကြောင်း BMI မှ ပြောကြားခဲ့ ပါသည်။

     အိန္ဒိယနိုင်ငံ၏  စားအုန်းဆီတင်သွင်းမှုမှာ ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၉.၈ သန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်၌ တန်ချိန် ၉.၂ သန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းထားပြီး စျေးနှုန်းသင့်တင့်သော စားသုံးဆီများဖြင့် အစားထိုးအသုံးပြု‌မှုရှိလာကာ ဝယ်လိုအားအပေါ် သက်ရောက်မှုဖြစ်ပေါ်လာနိုင် ကြောင်း အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association - SEA) ၏ ခန့်မှန်းချက်အား ကိုးကား၍ နိုင်ငံတကာ စီးပွားရေး စောင့်ကြည့်လေ့လာရေးသုတေသနအဖွဲ့ (BMI) က ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

Source: New Straits Times, November 11, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)