ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၅.၁ သန်းအထိ တင်သွင်း ရဖွယ်ရှိပြီး အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက် ဆန်တန်ချိန် ၄.၉ သန်းထက် ၀.၂ သန်း ပိုမိုလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေး ဝန်ဆောင်မှုဌာန (FAS) က ပြောကြားခဲ့ကြောင်း သိရပါသည်။
အဆိုပါ FAS ဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေတိုးပွားမှုနှင့် သွင်းကုန်ခွန်များလျှော့ချမှုတို့အရ ယခင်ခန့်မှန်းထားသည့် ဆန်တန်ချိန်ထက် ပိုမို တင်သွင်းမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဖိလစ်ပိုင်အနေဖြင့် ဆန်တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ဗီယက်နမ်ထံမှ အဓိကရယူတင်သွင်းခဲ့ရာ နှစ်နိုင်ငံ၏ ခိုင်မာသော ကုန်သွယ်မှုဆက်ဆံ ရေးကို အလေးထားမှုရှိကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ဆန်စပါးထုတ်လုပ်မှု အနည်းငယ် ကျဆင်းခဲ့သော်လည်း အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံထံမှ တင်သွင်းရယူလျက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ အပါအဝင် အဓိက ဆန်တင်သွင်းသည့်နိုင်ငံများ၏ ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၄ နှစ်ကုန်တွင် ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈.၉ သန်းသို့ စံချိန်တင်ရောက်ရှိနိုင်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးကွက်သို့ အိန္ဒိယမှ ဆန်များပြန်လည်ဝင်ရောက်လာခြင်းကြောင့် အာရှဒေသရှိ ဆန်တင်ပို့သူများအပေါ် ဈေးနှုန်းများကို ကျဆင်းစေသည့် ဖိအားအဖြစ် သက်ရောက်ခဲ့သော်လည်း ဗီယက်နမ်သည် အဓိကဆန်တင်ပို့သူအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။
ဖိလစ်ပိုင်အတွက် ဗီယက်နမ်ဆန်သည် ထောက်ပံ့ပို့ဆောင်ရေး ထိရောက်မှု၊ အပြိုင်အဆိုင် စျေးနှုန်းကြောင့် ဆွဲဆောင်မှုတစ်ခုအဖြစ်ရှိနေပြီး ပြည်တွင်း၌ ပရီမီယံဆန်မျိုးများ ၀ယ်လိုအား မြင့်တက်လာသည်ဟု FAS ဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မကြာမီကာလအတွင်း ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်ကို စွဲမြဲစွာ ဝယ်ယူသည့် နိုင်ငံဖြစ်လာမည့် အလားအလာရှိကြောင်း သိရပါသည်။
Source: Manila Standard, 10 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)