Main menu

မအူပင်မြို့နယ်မှ နေ့စဉ် ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ထိတင်ပို့လျက်ရှိ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး  ချောင်း၊ အင်းအိုင်၊ မြောင်းလယ်ကွင်းများမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းစီးရရှိသော ဒေသထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီးလျက်ရှိ ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။

      မအူပင်မြို့နယ်မှ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံ မြင့်မိုရ်ငါးရှဉ့်ဒိုင်၏ ပြောပြချက်အရသိရသည်။ စက်တင်ဘာလအတွင်း ရန်ကုန်သို့ ငါးရှဉ့်ပိဿာချိန် ၅၅၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလတစ်လတာအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ မအူပင် ထနီး၊ မလတ်တို၊ ရေလဲ၊ အောင်ဟိတ်၊  စစ်ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် ကျေးရွာဘက်တို့မှ တစ်နေ့ကို ငါးရှဉ့်ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀၊ ၂၅၀၀ ထိဝယ်ယူရရှိကြောင်း၊ ငါးရှဉ်ဆိုဒ်အမျိုးအစားအခွဲခြားဘဲ ဝယ်ယူပြီး၊ ရန်ကုန်သို့တင်ပို့ကာ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ်ကြောင်းသိရသည်။

       ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပဈေးကွက်များဆီသို့ ဆက်လက်ဖြန့်ဖြူးရောင်းချကြောင်း၊ မအူပင်မြို့နယ်မှ ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ရန်ကုန်မြို့ ငါးရှဉ်ဒိုင်ကြီးများက ပြည်တွင်း၊ ပြည်ပဈေးကွက်ထိတင်ပို့နေကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး မြင့်မိုရ်နှင့် မြင့်မြတ်သူလုပ်ငန်းပိုင်ရှင်တို့ကပြောသည်။ မအူပင်မြို့နယ်တွင် အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဉ့် ၁၀ပိဿာလျှင် ငွေကျပ်၁၃၅၀၀၀မှ ငွေကျပ်၁၅၀၀၀၀ထိဈေးပေါက်ခဲ့ကြောင်း၊ ယနေ့နိုဝင်ဘာလ (၁၁)ရက်နေ့ ပေါက်ဈေးအနေဖြင့်  ငါးရှဉ့် ၁ပိဿာကို ၁၈၀၀၀ကျပ်၊ ၁၉၀၀၀ကျပ်ထိဈေးပေါက်၍ ဈေးကောင်းနေပြီး ဝယ်ယူနေသည်။ ကထိန်လ အလှူရက်ဖြစ်၍ လာရောက်ရောင်းချမှုနည်းပါးသော်လည်း အလှူပြီးရက်များတွင် ပိဿာချိန်ပိုမိုရရှိနိုင်ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူ ပွဲရုံလုပ်ငန်းရှင်ကပြောပြသည်။ အဆိုပါဒေသတွင် ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)