Main menu

“ကွမ်းများဖြိုင်ဖြိုင်ထွက်ရှိ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး  ရာသီအလိုက်သီးနှံများလည်းစိုက်ပျိုးလျက်ရှိပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်၊ ငရုတ်များအပြင်  ကွမ်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွမ်းစိုက်ဧက (၅၈၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၄၀၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၄၇) ဧက၊ မြစ်သားမြို့နယ်တွင် (၃၅)ဧကစိုက်ပျိုးထားရှိခဲ့ရာ ယခုနိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ကွမ်းများစတင်ရိတ်သိမ်းလျက်ရှိပြီး ရိတ်သိမ်းဧက (၃၈၅)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကွမ်းစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ဝါးဖိုး၊ အုန်းလက်ဖိုးများအပါအဝင် စုစုပေါင်း  (၃၀၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကွမ်းနုဝါမျိုးများဖြစ်ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် မိုးရာသီတွင် တစ်ပတ်လျှင် ပိဿာ(၇၀-၈၀) အထိထွက်ရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းလျော့သောကြောင့် တစ်ပတ်လျှင် ပိဿာ(၂၅--၃၀) ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ အရှေ့သံရွာ၊ သပြေကုန်း၊မြေစိုရွာနှင့် အုန်းခရိုင်ကျေးရွာဖြစ်ကြောင်း၊ ကွမ်းစျေးအနေဖြင့် တစ်ပိဿာလျှင်(၈၀၀၀/-)ကျပ်ဖြစ်ပြီး၊ ရွေးပြီးသန့်စင်ထားသော ကွမ်းရွက်အကြီးတစ်ပိဿာလျှင် (၁၀၀၀၀/-)ကျပ်၊ အလတ်ချောတစ်ပိဿာလျှင် (၁၂၀၀၀/-) ကျပ်နှင့် ပယ်ကွမ်းတစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်စျေးများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ကွမ်းကို ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ကွမ်းစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်သော်လည်း ကွမ်းစတင်ထွက်ချိန်မှစ၍ အပတ်စဉ်ဝင်ငွေရရှိကြောင်း၊ ကွမ်းစျေးအတက်အကျရှိသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းလျှက်ရှိသောကြောင့် ကွမ်းကို စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ကွမ်းရွက်သည် ကျန်းမာရေးအတွက် အသုံးဝင်ပါသည်။ ကွမ်းရွက်ကို ချင်း၊ ထန်းလျက်တို့နှင့်ပြုတ်၍ သောက်သုံးပေးပါက တုပ်ကွေးရောဂါများကိုကာကွယ်ပေးပါသည်။ ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းဖြစ်ပါက ကွမ်းရွက်ကိုကိုက်၍ နားထင်၊ နားဖူးကိုကပ်ပေးပါက ခေါင်းကိုက်ခြင်းကိုပျောက်ကင်းစေပါသည်။ ကွမ်းရွက်ကိုစားသုံးခြင်ဖြင့် အနံဆိုးများကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။ ထို့ကြောင့် စီးပွားဖြစ် ဝင်ငွေတိုးသော ကွမ်းပင်ကိုလည်းတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)