မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ် စသည့်သီးနှံမျိုးစုံကိုစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ်အများအပြားစိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသည့် ခရမ်းချဉ်သီးမျိုးများမှာ (555) မျိုးနှင့် wonder( 100) မျိုးများကိုစိုက်ပျိုးကြပြီး ရာသီဥတုနှင့် ရေမြေသဘာဝကိုက်ညီမှုကြောင့် ဒေသနေတောင်သူများသည် ( 555 ) ခရမ်းချဥ်မျိုးကို ပို၍စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၆ထုပ်မှ ၇ထုပ်စိုက်ရကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် (၁၁၀၀၀)ကျပ်ပေးရကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့်ပျိုးထောင်ပြီး ပျိုးပင် (၁)လကျော်အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဝါးဖြင့် တိုင်ထောင်စိုက်ပျိုးရပါသည်။ သို့မှသာ အသီးများဖြိုင်ဖြိုင်သီးပြီး ပင်စည်ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ကျောင်းကုန်း၊ ငါးမြွေကုန်း၊ အင်ရောင်ရွာများဖြစ်ကြောင်း၊ စတင်စိုက်ပျိုးပြီး (၂)လခွဲသက်တမ်းတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၃-၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာချိန်(၃၀-၄၀)ခန့်ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ အများဆုံးထွက်ရှိသောအချိန်တွင် (၁)ဧကလျှင် ပိဿာ(၄၀၀-၇၀၀)ခန့်ထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၁၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ သက်တမ်းအနေဖြင့် (၂)လကျော်ခန့်ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်ဖောက်သည်ဈေး (၁) ပိဿာလျှင် (၄၅၀၀-၅၀၀၀)ကျပ်ဈေးနှုန်းရရှိပြီး လက်လီဈေးနှုန်းအနေဖြင့် (၁) ပိဿာလျှင် (၆၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် စျေးနှုန်းအတက်အကျရှိနိုင်ကြောင်း၊ ထွက်ရှိလာသောခရမ်းချဉ်သီးများကို ဖောက်သည်များက စိုက်ခင်းများအထိလာရောက်ဝယ်ယူကြသည်များလည်းရှိပြီး မန္တလေးမြို့ရှိ ကုန်စိမ်းဒိုင်များသို့လည်းသွားရောက်ရောင်းချကြကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂၃၀၀၀၀၀-၂၄၀၀၀၀၀)ကျပ်ရရှိသောကြောင့် တွက်ချေကိုက်သည့်သီးနှံဖြစ်ပါကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)