စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ နတ်အင်းကျေးရွာ၊ နတ်ပေးကျေးရွာများတွင် သဘာဝအလျောက်ထွက်ရှိပြီး တောတောင်များကြားတွင် ပေါက်ရောက်သည့် ဝါးပင်မှထွက်ရှိသည့် ဝါးပင်ပေါက် (ခေါ်) မျှစ်များကို ဒေသခံရွာသားများက မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့်မျှစ်ခြောက်ဟူ၍ အမျိုးအစားခွဲကာ ရောင်းချကြောင်းသိရှိရပါသည်။
မျှစ်သည် မိုးဦးကျကာလတွင် စတင်ထွက်ပေါပြီး မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဟူ၍ ရောင်းချကာ မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင် အခြောက်လှန်း၍ မျှစ်စိုများရှားပါးလာချိန်တွင် မျှစ် ခြောက်အဖြစ် ပြန်လည်ရောင်းချကြောင်းသိရသည်။
မျှစ်စိမ်းဆိုသည်မှာ ပြုပြင်ထားခြင်းမရှိသော မျှစ်ကိုခေါ်ဆိုကြောင်း၊ မျှစ်ပြုတ်ဆိုသည်မှာ မျှစ်ကို တစ်ရေပြုတ်ကာ ဈေးကွက်အတွင်းသို့ ရောင်းချသည့်မျှစ်ဖြစ်ကြောင်းနှင့် မျှစ်ခြောက်မှာ မျှစ်များကိုပြုတ်၍ ရေစစ်ကာ အလွှာလေးများပါးပါးလှီး၍ ဖျာများပေါ်တွင်ခင်းကာ အခြောက်လှန်း၍ရသော မျှစ်ကိုဆိုကြောင်းသိရှိရပါသည်။ မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင် ပြုတ်ထားသော မျှစ်ပြုတ် (၁၀)ပိဿာကို အခြောက်လှန်းလျှင် မျှစ်ခြောက် (၁)ပိဿာရရှိကြောင်း၊ ယခုအခါ မျှစ်စိမ်း (၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ မျှစ်ပြုတ်(၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် မျှစ်ခြောက်အကြမ်း (၁) ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြစ်ပြီး မျှစ်ခြောက်အနု (၁)ပိဿာလျှင် (၂၃၀၀၀ မှ ၂၅၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းသိရှိရပါသည်။
မျှစ်ခြောက်များမှာ စက်တင်ဘာလ ဒုတိယပတ်မှစ၍ ဈေးကွက်အတွင်းသို့ဝင်ရောက်ပြီး ယခုအချိန်တွင် မျှစ်ခြောက်များလှိုင်လှိုင်ပေါပြီး ဈေးကွက်အနေဖြင့် မန္တလေး၊ မုံရွာနှင့် ရွှေဘိုများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)