စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများနှင့်အဖွဲ့သည် ဝါလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဧပြီလ (၂၁)ရက်၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် စက်မှုဇုန်ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ခရိုင်ဦးစီးမှူးမှ ဝါလုပ်ငန်းရှင်များအား ဝါသီးနှံ၊ ဝါဂွမ်းလက်ကျန်များ၊ ဈေးနှုန်း၊ ဈေးကွက်များ၊ လက်ရှိကုန်သွယ်ရောင်းဝယ်မှုအခြေအနေများအား မေးမြန်းရာတွင် ဝါသီးနှံသည် ယခုအချိန်မှာ သီးနှံပေါ်ပြီးအချိန်ဖြစ်သောကြောင့် သိုလှောင်မှုအနည်းဆုံး ဖြစ်နေကြောင်း၊ ပခုက္ကူခရိုင်တွင် ဝါသီးနှံစိုက်ပျိုးမှုနည်းပါးသောကြောင့် ဝါထွက်ရှိနှုန်းလည်း နည်းပါကြောင်း၊ ယခင်အချိန်က ဝါကိုစိုက်ပျိုးကြသော်လည်း ယခုမှာ ဈေးကောင်းမရသဖြင့် ဝါစိုက်ပျိုးမှုနည်းကြောင်း၊ မြေပဲ၊ နှမ်းနှင့် အခြားပဲများသည် ဈေးကောင်းရရှိနေသောကြောင့် ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဝါစိုက် တောင်သူများသည် အပင်အားတိုးဆေးများ မသုံးစွဲနိုင်သည့်အတွက် ဝါအရည်အသွေး ကောင်းမွန်မှုနည်းပြီး A အဆင့်မမှီပဲ B, C, D အဆင့်သာရှိကြောင်း၊ မိထ္ထီလာဈေးကွက်မှာ အရည်အသွေး ကောင်းမွန်ပြီး A အဆင့်ရှိမှသာ ဝယ်ယူပါကြောင်း၊ အောင်လံ၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်များတွင် ဝါကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပြီး အရည်အသွေးမှာလည်း အဆင့်မြင့်ကောင်းမွန်သည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းနယ်မှ ဝါစိုက် တောင်သူများသည် အပင်အားတိုးဆေးအတွက် ကုန်ကျစရိတ်အများအပြားကုန်ကျခံပြီး ပက်ဖျန်းကြောင်း သိရှိရပါသည်။
ဆက်လက်၍ ဝါအဝယ်ဒိုင်မှ မိမိတို့ထံသို့ ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေနယ်များမှ လာရောက် ရောင်းချကြောင်း၊ ချည်မျှင်တိုဝါ ဝါဂွမ်းတစ်ပိဿာလျှင်(၄၀၀၀/၄၅၀၀)ကျပ် ပေး၍ ဝယ်ရ ကြောင်း၊ ချည်မျှင်ရှည်ဝါကို (၂၀၀/၃၀၀)ကျပ် ဈေးပိုပေး၍ ဝယ်ယူရကြောင်း၊ ဝါတစ်ပိဿာ ကို (၁၅၀၀/၁၇၀၀)ကျပ်ဈေးရှိပြီး ဈေးကွက်အနေဖြင့် မန္တလေးမြို့ ဝါပွဲစားများနှင့်အထည် စက်ရုံများသို့ အများဆုံးရောင်းချပါကြောင်း၊ မိထ္ထီလာမြို့နှင့် ဝါဇီမှ ဝါအဝယ်ဒိုင်များအထိ လာရောက် ဝယ်ယူသည်များလည်းရှိကြောင်း၊ ချည်မျှင်ရှည်ဝါကို အထည်စက်ရုံများမှ အသုံးပြုပြီး ချည်မျှင်တိုဝါကို ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ယာများတွင် အသုံးပြုကြကြောင်း၊ လက်ရှိအချိန် သင်္ကြန်ပြီးကာလဖြစ်သောကြောင့် ကုန်သွယ်ရောင်းဝယ်မှုမှာ နည်းပါးနေ ကြောင်း၊ ဝါဂွမ်းလက်ကျန်အနေဖြင့် ယခုအချိန်သည် ဝါထွက်နှုန်းနည်းနေပြီ ဖြစ်သော ကြောင့် သိုလှောင်မှုနည်းနိုင်ပါကြောင်း၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ဝါလှိုင်လှိုင်ထွက်ချိန်ဖြစ်သောကြောင့် လက်ကျန်ရှိသော်လည်း ယခုအချိန်တွင် ဝါ၊ ဝါဂွမ်း လက်ကျန်မရှိသလောက်နည်းပါးပါကြောင်း၊ ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စက်ရုံနှင့် ဝါအဝယ်ဒိုင် (၂)ဦးသာရှိသောကြောင့် ဝါဂွမ်းလက်ကျန်ခန့်မှန်းရ လွယ်ကူပါကြောင်း၊ ကမ္မ၊ မြစ်ခြေနယ်တွင် ဝါစိုက်ပျိုးမှုအများဆုံးရှိပြီး တောင်သူအိမ်တွင် ဗမာခုံဝါကြိတ်စက်လေးများဖြင့် ကြိတ်ခွဲသည်ဟုသိရပါကြောင်း၊ ကြိတ်ခွဲရရှိလာသော ဝါဂွမ်းများကို နွေရာသီမီးဘေးအန္တရာယ်ကြောင့် သိုလှောင်မထားပဲ မြို့ပေါ်ရှိ ဝါအဝယ်ဒိုင်သို့ စုပေါင်း၍ လာရောက်ရောင်းချပါကြောင်း၊ ဝါလုပ်ငန်းရှင်မှလည်း မန္တလေး၊ မိထ္ထီလာရှိ ပွဲရုံကြီးများသို့ ရောင်းချပါကြောင်း ဝါလုပ်ငန်းရှင် ဦးဝင်းဇော်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)